
အီရန်နိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ လုံးဝဆန္ဒမရှိဘူးလို့ သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယန်က ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
အထူးသဖြင့် အမေရိကန်အပါအဝင် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းက ဒီအချက်ကို နားလည် အသိအမှတ်ပြုဖို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယန်က “သူတို့ ဘယ်လိုပုံစံနဲ့ အတည်ပြု စစ်ဆေးချင်တာဖြစ်စေ ကျွန်ုပ်တို့ကလည်း အဲဒီစစ်ဆေးမှုတွေကို လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့လည်း ကျွန်ုပ်တို့ရဲ့ လူနာတွေကို ကယ်တင်ရာမှာနဲ့ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အကျိုးပြုဖို့အတွက်ကို ဒီ သိပ္ပံနဲ့ ဗဟုသုတ အတတ်ပညာတွေကို အသုံးမပြုနိုင်တော့မဲ့ အခြေအနေမျိုးကိုတော့ လက်မခံနိုင်ပါဘူး” လို့လည်း ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်က စစ်ရေးအင်အား တိုးမြှင့်တည်ဆောက်နေချိန်မှာ ဝါရှင်တန်နဲ့ တီဟီရန် တို့ဟာ သူတို့ရဲ့ ကာလကြာ နျူကလီးယား အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးမှုတွေကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်နေချိန်လည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တီဟီရန်မှာ “အစိုးရပြောင်းလဲမှု” ဟာ အကောင်းဆုံး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပြီး အီရန်ရဲ့ အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကလည်း အမေရိကန်ရဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှုတိုင်းဟာ မအောင်မြင်ဘူးလို့ အင်္ဂါနေ့မှာ ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အာရက်ချီ ကလည်း သတင်းထောက်တွေကို ပြောကြားရာမှာ အီရန်နဲ့ အမေရိကန်တို့ဟာ နျူကလီးယား အငြင်းပွားမှုဆိုင်ရာ ဒုတိယအကြိမ်မြောက် သွယ်ဝိုက်ဆွေးနွေးပွဲမှာ အဓိက “လမ်းညွှန်ချက်တွေ” အပေါ် နားလည်မှုတရပ် ရရှိခဲ့ကြကြောင်းနဲ့ ဒါပေမဲ့ အဲဒီနားလည်မှုဟာ ချက်ချင်း သဘောတူညီချက်တရပ် ပြီးမြောက်မယ်လို့ မဆိုလိုကြောင်းလည်း သူက ဖြည့်စွက်ပြောကြားပါတယ်။
စာရွက်စာတမ်းတွေ အပြန်အလှန် လဲလှယ်ပြီးနောက်မှာ တတိယအကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်မဲ့ ရက်စွဲကို နှစ်ဖက်စလုံးက ဆုံးဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။
အီရန်နိုင်ငံကတော့ သူတို့အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ မရှိကြောင်းကို ကာလရှည်ကြာစွာ ငြင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


