
စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှုကို အခွင့်ကောင်းယူပြီး ယာဉ်စီးခပိုမိုတောင်းခံတဲ့ CNG တက္ကစီ အငှားယာဉ်တွေကို အရေးယူကာ သုံးစွဲခွင့်စာရင်းကနေ ပယ်ဖျက်သွားမယ်လို့ စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီးက သတိပေး ပြောပါတယ်။
မတ် ၁၅ ရက်က နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ကောင်စီခန့်ဝန်ကြီး ဦးကိုကိုလွင်က ပြောဆိုခဲ့တာပါ။
ဦးကိုကိုလွင်က “စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကို အကြောင်းပြပြီး CNG သုံး တက္ကစီတွေက ခရီးသည်တွေထံက ယာဉ်ခတိုးမြှင့်တောင်းခံကြောင်း တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် အခုလို အရေးယူဖို့ ဆုံးဖြတ်ခြင်းဖြစ်ပြီး သတ်မှတ်စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို စာရင်းမှ ပယ်ဖျက်ကာ အမှန်တကယ် စည်းကမ်းလိုက်နာမဲ့ တခြားယာဉ်များကို အစားထိုး ခွင့်ပြုပေးသွားမယ်”လို့ ပြောပါတယ်။
သဘာဝဓာတ်ငွေ့ CNG ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် CNG တကီလိုဂရမ်ကို ၂၇၃ ကျပ် ၂၅ ပြားနှုန်းနဲ့ ၂၀၀၇ ခုနှစ်ကနေ စပြီး ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ရောင်းချပေးခဲ့တယ်လို့လည်း ပြောပါတယ်။
“ဒီဈေးနှုန်းဟာ နိုင်ငံတကာဈေးနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး သက်သာနေသလို ဓာတ်ဆီ၊ ဒီဇယ်တို့နဲ့ နှိုင်းယှဉ်ရင်လည်း လောင်စာဆီကုန်ကျစရိတ် သုံးပုံတပုံလောက်ပဲ ရှိပါတယ်။”
အခုလိုဖြစ်လာတာ CNG တက္ကစီ ယာဥ်မောင်းတချို့က ခရီးအကွာအဝေးပေါ်မူတည်ပြီး ယာဥ်စီးခကို တောင်းယူခြင်းမပြုဘဲ ငွေကြေးအဆမတန် တောင်းတာကြောင့် ဖြစ်တယ်လို့ CNG တက္ကစီယာဥ်မောင်းတယောက်က DVB ကို ပြောပါတယ်။
“ဒီလိုတောင်းတာ CNG တက္ကစီဆွဲတဲ့သူတိုင်းတော့ မဟုတ်တော့ဘူး။ တချို့တလေပဲ လုပ်ကြတာ။ ဂက်စ်ကားမှ မဟုတ်ဘူး၊ ဆီကားလည်း တောင်းတာပဲ။ ခေတ်စကားနဲ့ပြောရရင် ခရီးသည်ကို အချဥ်ဖမ်းတာပေါ့။ အခုလို အရေးယူတာ ကောင်းတယ်။ ဒါပေမဲ့ ခရီးသည်က တိုင်တယ်၊ ယာဥ်ထိန်းရဲက ပိုက်ဆံယူပြီး ပြန်လွှတ်ပေးရင်တော့ ဒီပြဿနာက ဆက်ပြီးဖြစ်နေမှာပဲ။ လုပ်မယ်ဆိုလည်း ထိထိရောက်ရောက်လုပ်။”
မနေ့က အစည်းအဝေးမှာတော့ ရှေ့ပြေးစီမံကိန်းအနေနဲ့ CNG သုံးယာဉ်တွေမှာ မီတာစနစ် တပ်ဆင်ကာ နည်းပညာကို အသုံးပြုပြီး ဓာတ်ငွေ့ဖြန့်ဖြူးမှုကို ထိန်းချုပ်ခြင်းနဲ့ YBS ယာဉ်တွေကိုလည်း သတ်မှတ်လမ်းကြောင်းမောင်းနှင်ဖို့ ကြပ်မတ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ခရီးသည်တွေအနေနဲ့ CNG တက္ကစီတွေ ယာဥ်စီးခ ပိုမိုတောင်းခံရင် ရန်ကုန်မှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူးရုံးကို တိုင်ကြားနိုင်သလို နီးစပ်ရာ ယာဥ်ထိန်းရဲတပ်ဖွဲ့ ရုံးတွေမှာ တိုင်ကြားနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


