
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဓာတ်ဆီတလီတာကို ကျပ် ၃,၅၀၀ ကနေ ၈,၀၀၀၊ ၁၀,၀၀၀ အထိ နှစ်ဆကျော် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂ ရက်နေ့ နောက်ပိုင်းကစလို့ ဓာတ်ဆီတလီတာကို ၃,၅၀၀ ရှိရာကနေ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲကြောင့် တရိပ်ရိပ်တက်ရင်း အခုလက်ရှိမှာတော့ ၈,၅၀၀ နှုန်းနဲ့ ဝယ်ယူရတယ်လို့ သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “အနောက်ခြမ်းက ၈,၀၀၀၊ ၈,၅၀၀။ တချို့နေရာဆို ၁၀,၀၀၀။ စျေးကတော့ အတက်အကျရှိနေတယ်၊ အကျတော့ သိပ်မရှိဘူး။ ဆိုင်ကယ်တောင် မစီးနိုင်တော့ဘူး” လို့ ပြောပါတယ်။
ဓာတ်ဆီစျေးမြင့်တက်လာတဲ့အပြင် ဆန်စျေးလည်း တအိတ်ကို ကျပ် ၂၅,၀၀၀၊ ၃၀,၀၀၀ မြင့်တက်လာတာကြောင့် ထမင်းတမျိုးကိုပဲ အဓိကအားထားပြီး စားသောက်ရသူတွေအတွက် ခက်ခဲတယ်လို့ သိရပါတယ်။
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲကြောင့် စစ်တပ်စိုးမိုးထားတဲ့နေရာတွေမှာ ဓာတ်ဆီကို ဝယ်ယူတဲ့ယာဥ်တွေက စုံရက် မ ရက်အနေနဲ့ ဝယ်ယူရတာမျိုးတွေလည်း ရှိနေသလို ရက်မှားရင် ဆီဖြည့်မရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။


