Home
မြန်မာသတင်း
စစ်ကောင်စီက လူငယ်များကို နည်းမျိုးစုံဖြင့် ပေါ်တာဆွဲပြီး စစ်သင်တန်းပေးနေ
DVB
·
March 15, 2026

ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူတွေကို မြို့ပေါ်မှာနေဖို့စည်းရုံးခဲ့ပြီး ရွေးကောက်ပွဲအပြီးမှာ စစ်ကောင်စီက လူငယ်တွေကိုပေါ်တာဆွဲပြီး စစ်သင်တန်းပေးနေပါတယ်။ 

၂၀၂၅ ဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီက အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာကတည်းက မြေပြင်စစ်ရေးအသာစီးယူနိုင်ရေးအတွက် နည်းလမ်းစုံအသုံးပြုခဲ့တာပါ။ 

မန္တလေးတိုင်းအတွင်းက ကျေးလက်နေပြည်သူတွေ စစ်ဘေးရှောင်ပြီး မြို့ပေါ်တက်လာအောင် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေ မြို့ပေါ်အရောက်မှာ မဖြစ်မနေ မဲပေးရမယ့်သူတွေအဖြစ် စစ်ကောင်စီက စာရင်းသွင်းခဲ့ပါတယ်။ 

ရွေးကောက်ပွဲအလွန်မှာတော့ စစ်ရှောင်ပြည်သူတွေ မြို့ပေါ်မှာ ရှင်သန်နေထိုင်နိုင်ရေးကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံတာတွေ စစ်ကောင်စီက ပြုလုပ်ခဲ့သလို လူငယ်တွေကိုလည်း ပေါ်တာဆွဲပြီး စစ်မှုထမ်းသင်တန်းပေးနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “မြို့ပေါ်အခြေအနေကတော့ ကျနော်တို့ ဒီဘက်ကနေ စစ်ရှောင်လာတဲ့အချိန်မှာ ကြံ့ကြံ့မခံနိုင်တဲ့လူတွေကတော့ အများဆုံးကတော့ အဲ့ဒီပေါ်ကို ရောက်သွားကြတယ်။ စကစ တွေ ချော့မော့သိမ်းသွင်းတာတွေ ဒါတွေတော့ရှိတယ်ဗျ။ တချို့တော်လှန်ရေးသမားတွေဆို နန်းတွင်းထဲရောက်ပြီးတော့ စကစတွေကနေပြီးတော့ အပြင်မှာ ကျန်ရစ်တဲ့ တော်လှန်ရေးသမားတွေကို တယောက်ရရင် မင်းတို့ကို သက်သာခွင့်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ စည်းရုံးခိုင်းတာတွေလည်းရှိတယ်ဗျ။ မတ္တရာနယ် ညောင်အုပ်ရွာကနေပြီးတော့ ရွှေတောဘက်ကို လုပ်ငန်းသွားလုပ်တဲ့ ပြည်သူ လူငယ် လူလတ်ပိုင်း ၂၀ ကျော်ကိုတော့ စကစက ဖမ်းဆီးထားတယ်လို့ သတင်းရတယ်။ သူတို့ရဲ့ မိဘဆွေမျိုးတွေက လိုက်တွေ့တဲ့အခါကြတော့လည်း အတွေ့မခံဘူးလို့ သတင်းရထားတယ်ဗျ၊ စဉ့်ကူးဘက်မှာလည်း အစောပိုင်းက ပြည်သူတွေကို ချော့နေခိုင်းထားပြီးတော့ အခုတော့ အရွယ်ရောက် အမျိုးသားတွေကို ပေါ်တာဆွဲပြီးတော့ စစ်မှုထမ်းသင်တန်းပေးနေတယ်လို့ သတင်းရနေတယ်ဗျ။”

စစ်ကောင်စီက ၂၀၂၅ နှစ်မကုန်ခင်မှာ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်နယ်တွေကို ဆက်တိုက်ထိန်းချုပ်ဖို့ကြိုးစားခဲ့တာပါ။ 

မတ် ၁၀ ရက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ မန္တလေးတိုင်းထဲက နောက်ဆုံးလက်ကျန် တကောင်းမြို့ကိုပါ စစ်ကောင်စီက ပြန်လည်သိမ်းယူခဲ့ပါတယ်။ 

စစ်ကောင်စီက နယ်မြေထိန်းချုပ်ရေးတွေ လုပ်နေတာနဲ့တပြိုင်တည်းမှာ ပထမအချက်အနေနဲ့ မန္တလေး-သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းအပါအဝင် ဒေသတွင်းလမ်းပိုင်းတွေကို ပြန်ဖွင့်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ 

ပြည်သူတွေ လမ်းပန်းသွားလာရေးနဲ့ ကုန်စည်သယ်ယူရေးအတွက် ဒေသကာကွယ်ရေးတပ်တွေကလည်း ပြည်သူတွေရဲ့လမ်းကြောင်းတွေကို နှောင့်ယှက်တာမျိုးမလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒုတိယအချက်အနေနဲ့ မန္တလေးတိုင်းထဲက တရုတ်အစိုးရနဲ့ ဖက်စပ်လုပ်ထားတဲ့ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းနေရာတွေကို ပြန်ထိန်းချုပ်ပြီး လုပ်ငန်းပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ရည်မှန်းချက်ထားနေတာပါ။ 

ဒီအချက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက လွယ်လင့်တကူ ခွင့်ပြုမယ့်အလားအလာမရှိဘူးလို့ ဒေသခံနိုင်ငံရေးသမား မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေး က မှတ်ချက်ပေးပါတယ်။

“လုပ်ငန်းတွေကိစ္စကတော့ ကျနော်ထင်ပါတယ်၊ တချို့ဟာတွေကတော့ သူတို့ မျှော်မှန်းချက်နဲ့ ဖြစ်ပါလိမ့်မယ်။ တကယ်လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ ဘယ်လောက်လွယ်သလဲ၊ ဘယ်လောက်လွယ်မလဲဆိုတာ ကျနော်တို့စောင့်ကြည့်ရမယ်ပေါ့နော်။ လမ်းပိုင်းတွေ အခြေအနေကတော့ သူတို့ပြန်ဖွင့်ပေးလိုက်တယ်ဆိုတာထက် ကျနော်တို့ဘက်ကလည်း ပြည်သူလူထု သွားရေးလာရေး အနှောင့်အယှက်မဖြစ်အောင် ကျနော်တို့ဝိုင်းပြီး စဉ်းစားပြီးမှ ဆုတ်ပေးလိုက်တဲ့အနေအထားပါ။ မဟာမိတ်တပ်တွေလည်းရှိတယ်၊ အဲ့ဒီတပ်တွေကပါ ဒီလမ်းပိုင်းကိစ္စမှာ အကုန်လုံးသဘောတူညီပြီးတော့မှ ဆုတ်ပေးလိုက်တာပေါ့နော်။ စစ်ရဲ့သဘောကတော့ ကိုယ်သာတဲ့အခါလည်းရှိမယ်၊ ကိုယ်နာတဲ့အခါလည်းရှိတယ်။ ပြန်ပေးလိုက်ရတဲ့ မြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုအနေနဲ့ အရေးအကြီးဆုံးကတော့ ကျနော်တို့ ယုံကြည်ချက် ခံယူချက်က အဆုတ်အတက်မရှိဘူး၊ ကျနော်တို့က ဒီခရီးကို ပြီးအောင်လျှောက်မှာဖြစ်တယ်။​ အဓမ္မကျဆုံးရမယ်လို့ ကျနော်တို့ ယုံကြည်ပြီး လျှောက်လာခဲ့တဲ့ လူတွေဖြစ်တဲ့အတွက် အဲ့ဒီယုံကြည်ချက်အတိုင်းသာ ကျနော်တို့ဆက်ပြီးတော့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ လိုတယ်လို့ သတင်းစကားပေးချင်ပါတယ်။”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေနဲ့အတူ မန္တလေးတိုင်းထဲက မြို့တွေနဲ့ စစ်ကောင်စီဗျူဟာကုန်းတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူနိုင်ခဲ့တာပါ။ 

နောက်ပိုင်းမှာတော့ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် အချိန်တိုအတွင်းမှာ ရှမ်း-မန်းနယ်စပ်တလျှောက် မြို့တွေနဲ့ မန္တလေးကနေ တရုတ်ပြည်နယ်စပ်အထိ ကုန်သွယ်ရေးလမ်းတလျှောက်မြို့တွေကို တော်လှန်ရေးအင်အားစုတွေက ပြန်လက်လွှတ်ခဲ့ရပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013