
ကရင်နီပြည်နယ်၊ ဖရူဆို-ထားလဲလမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ မတ် ၁၄ ရက်က ထုတ်ပြန်ပါတယ်။
မတ် ၅ ရက် မနက်မှာ စစ်ကောင်စီရဲ့ ဘက်ဟိုး(လမ်းပြင်ရန် မြေကော်စက်)အပါ စစ်ယာဥ်တန်းက ဖရူဆို-ထားလဲ လမ်းမကြီးပေါ် စစ်ကြောင်းထိုးနေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘက်ဟိုးလည်း ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
မြေပြင်သတင်းရင်းမြစ်တယောက်က “ဖရူဆိုကနေ ဘောလခဲကိုဆင်းဖို့ စစ်ကောင်စီရဲ့ ရန်နိုင်မင်း စစ်ကြောင်းရဲ့ အစိတ်အပိုင်းတခုပေါ့နော်။ စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
ဒီးမော့ဆို -ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး ခုခံကာကွယ်စစ်ကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်က ရန်နိုင်မင်းစစ်ကြောင်းဆိုပြီး မိုးဗြဲ-ဖယ်ခုံ-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်းကို စစ်ကြောင်းထိုးနေတာ ၆ လကျော်အထိ ရှိနေပြီး ဖရူဆိုနားတဝိုက်မှာ ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာလို့ သိရပါတယ်။
ဖရူဆိုနားက စစ်ရှောင်စခန်းနားတွေကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ စစ်ရှောင်ရတာ တလကျော်ရှိနေပြီလို့လည်း သိရပါတယ်။


