
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်က မိုးဗြဲအနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးဆက်တိုက်ပစ်ပြီး စစ်ကြောင်းလည်း ထိုးနေတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်ကစလို့ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်တာကြောင့် အနီးအနားက ပြည်သူတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ဘေးလွတ်ရာကို စစ်ဘေး ရှောင်နေကြရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်သိသူတယောက်က “နံဘေးကလူတွေလည်း ရှောင်ရတာပေါ့။ လက်နက်ကြီးက ဆက်တိုက် ထုနေတော့ အဆင်မပြေဘူး။ ရွှေ့ပြောင်းသူကတော့ ရာဂဏန်းလောက်ရှိမယ်။ ရွာပေါ်ကို စစ်ကောင်စီတပ်သားတွေက တောက်လျှောက် ပတ်ထုတာ။ တနေ့ကို ၄၊ ၅ လုံး အနည်းဆုံး” လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ အရေအတွက်အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း လာမောက်ရွာနဲ့ လွယ်ယင်းမင်္ဂလာကျေးရွာတို့ကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ တိုက်ပွဲ တချို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုးဗြဲအနောက်ခြမ်းကို စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူတွေ သတိထား သွားလာကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဖေဖော်ဝါရီ ၂၅ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။


