
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်လွှတ်လိုက်ရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မော်ချီးဘက်ကို စစ်ကြောင်းထိုးဖို့ အင်အားပြင်ဆင်နေပါတယ်။
ဖားဆောင်းမြို့ထဲက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ လက်ရှိ ကရင်နီပြည်နယ်ရဲ့ ခဲသတ္တုထွက်ရာ မော်ချီးကိုသိမ်းဖို့ လေကြောင်းအကူအညီနဲ့ စစ်ရေးပြင်ဆင်နေတယ်လို့ မယ်စဲ့နဲ့ မော်ချီးဒေသခံတွေက ပြောပါတယ်။
လက်ရှိစစ်ကြောင်းဟာ ကျိုးနေတဲ့ ဖားဆောင်း သံလွင်မြစ်ကူးတံတားအနီးမှာ စစ်အင်အား ပြင်ဆင်နေတာဖြစ်ပြီး မော်ချီးကို နေ့တိုင်းလိုလို ကင်းထောက်လေယာဉ်တွေနဲ့ ကင်းထောက်နေတဲ့အတွက် မော်ချီးဘက်တက်တဲ့ ကုန်လမ်းကြောင်းတွေ ပိတ်နေပြီလို့ ဒီးမော့ဆို-မော်ချီး-မယ်စဲ့ကို ကုန်ကူးနေတဲ့ ဒေသခံက DVB ကို ပြောပါတယ်။
“မော်ချီးသွားတာတော့ ရသေးတယ်။ ဒါပေမဲ့ အရင်လိုမျိုး သိပ်ပြီး မသွားရဲကြတော့ဘူး။ တချို့တော့လည်း စွန့်စားပြီး သွားနေကြတယ်။ ကားဝယ်ထားတာတွေကလည်း အကြွေးတွေနဲ့ဆိုတော့ သေမထူး နေမထူး ဆိုတဲ့ပုံစံနဲ့ ရုန်းကန်ပြီး သွားနေကြတာပဲ။ ဒါပေမဲ့လည်း ဟိုရောက်တော့ ဈေးကောင်းရလားဆို ဈေးကောင်းမရဘူး၊ ဒေသခံတွေကလည်း အဲ့လောက်ထိ မဝယ်ကြတော့ဘူး။ သူတို့(စစ်တပ်)ကလည်း နေရာတကာ ကင်းထောက်တွေနဲ့ဆိုတော့ ဂရုတော့ စိုက်နေရတယ်။ တချို့ဒေသခံတွေ ဘာပြောလဲဆို ဆိုင်ကဝယ်ထားတဲ့ဟာတွေ နင်တို့ပြန်ဝယ်ပါလားဆိုပြီး အဲလိုဖြစ်ကုန်ကြတော့ စိတ်ဓာတ်တွေကျကုန်ပြီ။”
လက်ရှိ ဖားဆောင်း-မော်ချီးလမ်းပိုင်းက ခဲမဖြူကျေးရွာအနီးနားကို စစ်တပ်က လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးလာနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဖားဆောင်းတိုက်ပွဲတုန်းကလည်း ရုရှားနဲ့ တရုတ်ထုတ် လေယာဉ်တွေ အလွန်အကျွံသုံးပြီး တနေ့ကို ၁၈ နာရီလောက် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ အဲဒီတိုက်ပွဲမှာ ရှိနေခဲ့တဲ့ Free Burma Rangers တည်ထောင်သူ ဒေးဗစ်ယူဘန့်ခ်က သူကြုံခဲ့တဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။
“နောက်ဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အကြီးမားဆုံး တိုက်ပွဲတခုက ဖားဆောင်းမှာ ဖြစ်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ ကျနော်တို့အပေါ်ကို ရုရှားလေယာဉ် ၃ မျိုး၊ Y-12 အပါအဝင် တရုတ်လေယာဉ် ၂ မျိုး အသုံးပြုပြီး နေ့တိုင်း တနေ့ ၁၈ နာရီလောက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုဆိုးလာခဲ့ပါတယ်။ စစ်တပ်က အင်အားနဲ့ အရှိန်အဟုန်ကို အရင်ကထက် ပိုတိုးပြီး အသုံးချလာတာပါ။ နှစ်တိုင်းနှစ်တိုင်း စစ်ရေးအင်အား ပိုတိုးလာတာကို မြင်နေရပါတယ်။”
စစ်ရေးအခြေအနေတွေကြောင့် မော်ချီးမှာတော့ ဒေသခံတွေက မြေပြင်တိုက်ပွဲထက် လေကြောင်းရန်ကို ပိုစိုးရိမ်နေကြရပါတယ်။
ကုန်ကားတွေ မရောက်တဲ့အတွက် ကုန်ဈေးနှုန်းနဲ့ ခဲဈေးတွေ ကမောက်ကမတွေ ဖြစ်နေပြီး ဒီးမော့ဆိုကနေ ဈေးလာရောင်းတဲ့သူတွေ ဒီရက်တွေမှာ အရှုံးခံပြီး ပြန်သွားကြတယ်လို့ မော်ချီးဒေသခံတယောက်က ပြောပါတယ်။
“မော်ချီးမှာတော့ နေ့ကော ညကော လေယာဉ်တွေ ဖြတ်ဖြတ်ပျံနေလို့ အများစုက လေကြောင်းကို ကြောက်နေကြတယ်။ ကျနော်တို့ဆိုလည်း ညအိပ်တာတောင် ဗုံးခိုကျင်းထဲ ဒီရက်ပိုင်း ဆင်းအိပ်နေတာ။ တံတားတွေကျိုး လမ်းတွေပိတ်ထားတော့ ကုန်ကားတွေ မလာနိုင်ဘူး။ အဲ့တော့ ဒီမှာ ကုန်ဈေးနှုန်းတွေ တက်နေပြီး ခဲဈေးက ကျနေတယ်။”
ကရင်နီပြည်နယ်မှာ ရွေးကောက်ပွဲပြီးတဲ့နောက် စစ်တပ်က ဘောလခဲဘက်ကနေတဆင့် မော်ချီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးအရှိန် မြှင့်လာနေတာပါ။
တော်လှန်ရေးတပ်ပေါင်းစုဘက်က လက်ရှိ မော်ချီး၊ မယ်စဲ့၊ ရှားတောနဲ့ ဒီးမော့ဆိုနားတဝိုက်ကို နယ်မြေစိုးမိုးထားနိုင်ပြီး စစ်ကောင်စီတပ်တွေကတော့ ဒီးမော့ဆ၊ ဖရူဆို၊ ဘော်လခဲနဲ့ ဖားဆောင်းမြို့တွေကို ပြန်ထိန်းချုပ်ပြီး တပ်အထိုင်ချဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
မောရစ်


