Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ တပ်နှုတ်ဆက်ပွဲပုံစံ တွေ့ဆုံပွဲ ဘယ်လိုသဘောဆောင်ပါသလဲ
DVB
·
March 15, 2026
Photo: DSINFO

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ် ၁၃ ရက်က နေပြည်တော်မှာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို တွေ့ဆုံပွဲသီးသန့်ကျင်းပပြီး ပြောကြားခဲ့တာကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်ဟာ သမ္မတလုပ်ဖို့အတွက် ပိုပြီး ဖြစ်နိုင်ခြေများလာတယ်လို့  လေ့လာသူတွေက သုံးသပ်ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ  ကိုထင်ကျော်အေးက “စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့က သမ္မတ လုပ်ဖို့အတွက်ကို ပိုပြီးတော့ ယိမ်းနေပြီလို့ မြင်တယ်ပေါ့နော်။ ဆိုတော့ ဖြစ်နိုင်ခြေရှိတာက သမ္မတလည်း လုပ်မယ်၊ တဖက်ကလည်း ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ရာထူးလည်း ယူကောင်းယူနိုင်တယ်လို့ ထင်ပါတယ်။ ဆို‌တော့ အဲဒါကြောင့်မို့လို့ ဒီအခုလုပ်တဲ့ တွေ့ဆုံပွဲကို သူ့ရဲ့တပ်ကို နှုတ်ဆက်တဲ့ တွေ့ဆုံပွဲ ဖြစ်နိုင်ခြေရှိတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ် ၁၃ ရက်က နေပြည်တော်မှာ စစ်တပ်ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဩဝါဒခံယူပွဲလို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။

ဒီတွေ့ဆုံရာမှာ သူနဲ့ သူ့ရှေ့က စစ်ခေါင်းဆောင်တွေရဲ့ လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး စစ်တပ်ဂုဏ်ကို ဆက်လက်မြှင့်တင်ဖို့ မှာကြားခဲ့တယ်လို့ စစ်တပ်အာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။

အဲဒီပွဲမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အရာရှိစစ်သည်တွေ တက်သလို စစ်တိုင်းမှူးတွေ၊ တပ်မမှူးတွေနဲ့ စစ်ဆင်ရေးမှူးတွေလည်း အွန်လိုင်းက တက်ရောက်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဩဝါဒခံယူပွဲလို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဒါဟာ စစ်ခေါင်းဆောင်ရဲ့ တပ်နှုတ်ဆက်ပွဲ ပုံစံလုပ်တာဖြစ်တယ်လို့ မြန်မာစစ်ဘက်ရေးရာ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က CDM ဗိုလ်မှူး နောင်ရိုးက သုံးသပ်ပါတယ်။ 

“ဩဝါဒခံယူပွဲ လုပ်သွားတဲ့ ပုံစံ ပြောသွားတဲ့ စကားတွေကတော့၊ အခမ်းအနား အစီအစဉ်တွေကတော့ တပ်ခေါင်းဆောင်တစ်ယောက်က သူ့ကာလ ထမ်းဆောင်ခဲ့တဲ့ ဟာတွေကို ပြန်ပြီးတော့ ပြန်ပြောင်းသုံးသပ် ပြောကြားတယ်။ ဒါကို ကြည့်ပြီးတော့ သုံးသပ်ရမယ် ဆိုရင်တော့ စစ်ခေါင်းဆောင်ဟာ တပ်ချုပ်ကနေပြီးတော့ အနားယူမယ်၊ နောက်ထပ် သမ္မတ ရာထူး ယူကောင်း ဆက်ယူနိုင်တာပေါ့နော်၊ တပ်ချုပ်ကနေ အနားယူဖို့ ရှိတယ်လို့တော့၊ အနားယူဖို့ အစီအစဉ်လို့တော့ ဒါ ကျနော်တို့ ပြောလို့ ရပါတယ်။” 

အဲဒီပွဲမှာ စစ်ခေါင်းဆောင်က သူကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ၂၀၁၁ ကနေ ၂၀၂၅ အတွင်း လုပ်ခဲ့တာတွေကို အမွှန်းတင်ခဲ့သလို တို့တာဝန်အရေးသုံးပါးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ စစ်တပ်ဂုဏ်ကို ဆက်လက်မြှင့်တင်ဖို့လည်း တွေ့ဆုံပွဲတက်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အဲဒီပွဲမှာ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်း သူ့သက်တမ်း ၁၅ နှစ်မှာ လက်တွဲညီညီဆောင်ရွက်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ လူရင်းတွေထဲက ဘယ်သူ့ကို ယုံကြည်လို့ရမလဲ၊ သူ့ရဲ့ အမိန့်ကို ဆက်ပြီးနာခံမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး တပ်ချုပ်အသစ် နေရာကို လွှဲခဲ့မှာလို့ သုံးသပ်ကြပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) တာဝန်ခံ ဦးမင်းလွင်ဦးကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီး ပေါ်လာမဲ့ အစိုးရသစ်အပေါ် ပြည်သူတွေရဲ့ နိုင်ငံရေး အန်တုမှုတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

DDMSC  တာဝန်ခံ ဦးမင်းလွင်ဦး “ကျနော့် အမြင်ကတော့ အခု ဒီတပ်က အရာရှိတွေနဲ့ ဒီတပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင် ဦးဆောင်ပြီးတော့ ဖွဲ့မဲ့အစိုးရအဖွဲ့ဆိုရင် ၂၀၁၀ ဝန်းကျင်က သူတို့ စိတ်ကြိုက်လုပ်ပြီးတော့ တက်လာတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ့ထက်တောင်မှ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်သေးတယ်လို့ မြင်တယ်။ သူတို့ကို နိုင်ငံတကာ အနေနဲ့ကကျတော့ နဂိုကတည်းက သူတို့ဘက်က ပါသလိုလို မပါသလိုလို ဖြစ်နေတဲ့ အိမ်နီးချင်း တချို့နိုင်ငံတွေကတော့ သူတို့ကို တရားဝင်အစိုးရ တရပ်အနေနဲ့ အသိအမှတ်ပြုကောင်း ပြုလာနိုင်တဲ့ အနေအထားရှိတယ်ဗျ။ ဒါပေမဲ့ ကျနော်တို့ ပြည်သူလူထုကကျတော့ ကျနော် ထင်တယ်ဗျ၊ ဒီရွေးကောက်ပွဲမှာလည်းပဲ ပြည်သူလူထုကို ဘာမှ ကိုယ်စားပြုနိုင်တာလည်း မဟုတ်တဲ့အခါကျတော့၊ ပြည်သူလူထုကတော့ ဒီ တက်လာမဲ့ အစိုးရအပေါ်မှာ နိုင်ငံရေးအရ အန်တုမှုတွေနဲ့ ဆက်ပြီးတော့ တိုက်ပွဲဝင်သွားလိမ့်မယ်လို့တော့ မျှော်လင့်တယ်ဗျ”လို့ ပြောပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီး ပေါ်လာမဲ့ အစိုးရသစ်ကို နိုင်ငံတကာ အသိအမှတ်ပြုဖို့ အတုအယောင် ဖြေလျှော့မှုတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပုံဖော်လာတာမျိုး ပြုလုပ်လာနိုင်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီအပေါ်ကို ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သတိပေးထားပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတလုပ်နိုင်ပြီး အတုအယောင်ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်တဲ့ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ်လို့ ပါတီတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ အခုနှစ်စပိုင်းမှာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ ကျင်းပခဲ့ပြီးနောက်  အာဏာသိမ်းစစ်ကောင်စီဟာ လာမဲ့သီတင်းပတ်မှာ လွှတ်တော်သစ် ခေါ်ယူပြီးနောက် အစိုးရသစ်ကို တရားဝင် အာဏာလွှဲပြောင်းပေးသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013