
အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (USDEA)ရဲ့ အလိုအရှိဆုံး ဝရမ်းပြေး စာရင်းဝင် ဥရုဂွေး မူးယစ်ရာဇာ ဆီဘက်စ်တီယန်မားဆတ်ကို ဘိုလီးဗီးယားနိုင်ငံမှာ ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိပ်တန်းအရာရှိက မတ် ၁၃ ရက်မှာ ပြောပါတယ်။
ဥရုဂွေးနိုင်ငံသား မူးယစ်ဂိုဏ်းခေါင်းဆောင် မားဆတ်ကို တောင်အမေရိကနိုင်ငံတွေနဲ့ ဥရောပအကြား ကိုကင်းမှောင်ခိုကူးမှု၊ ဂိုဏ်းဖွဲ့ကျူးလွန်မှုတွေနဲ့ ပါရာဂွေးနဲ့ ဘိုလီဗီးယားနိုင်ငံတွေက အလိုရှိနေတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သူ့ကို ငွေကြေးခဝါချမှု ပုဒ်မတွေနဲ့ အမေရိကန်မှာ တရားစွဲဆိုထားပါတယ်။
မားဆတ်ကိုဖမ်းဆီးတဲ့ စစ်ဆင်ရေးကို ဘိုလီဗီးယားအာဏာပိုင်တွေက လုပ်ဆောင်ခဲ့တာလို့ ပါရာဂွေး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြီးအကဲ ဟာလီလ်ရာချိဒ်က ဒေသတွင်း ရေဒီယိုတခုနဲ့ အင်တာဗျူးမှာ တည်ပြုပြောဆိုထားပေဲ့ ဘိုလီဗီးယား အမျိုးသားရဲတပ်ဖွဲ့ရဲ့ မူးယစ်တိုက်ဖျက်ရေးဌာနကတော့ ဒီဖမ်းဆီးမှုကို အတည်ပြုဖို့ ငြင်းဆိုထားပါတယ်။
မားဆတ်ဟာ ၂၀၂၁ ခုနှစ်က ဒူဘိုင်းမှာ ပါရာဂွေး နိုင်ငံကူးလက်မှတ်အတုနဲ့ အဖမ်းခံခဲ့ရပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ ဥရုဂွေး အာဏာပိုင်တွေက ယူအေအီးမှ တရားဝင်ထွက်ခွာခွင့်ပြုတဲ့ နိုင်ငံကူး လက်မှတ်အသစ် ထုတ်ပေးခဲ့လို့ လွတ်မြောက်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ဥရုဂွေးနိုင်ငံက ထိပ်တန်းအရာရှိ အများအပြား ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့ အရှုပ်တော်ပုံတခု ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာလည်း ကိုလံဘီယာသမ္မတ ဂူစတာဗိုပေထရိုက ပါရာဂွေးထိပ်တန်းအစိုးရရှေ့နေ မာဆယ်လိုပက်ချီ လုပ်ကြံခံရမှုဟာ မားဆတ်နဲ့ ဆက်နွှယ်မှုရှိကြောင်း သတ်မှတ်ခဲ့ပေမဲ့ အဲဒီအမှုနဲ့ ပတ်သက်ပြီး သူ့ကို တရားစွဲဆိုတာ မရှိသေးပါဘူး။
မားဆတ်ရဲ့ ညီဖြစ်သူ ဒီယေဂို နီကိုးလပ်စ်မားဆတ်ကိုလည်း နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ အလိုရှိဆုံး တရားခံပြေးအဖြစ် ၂၀၂၃ ခုနှစ်က ဘရာဇီးနိုင်ငံမှာ နိုင်ငံပေါင်းစုံ ပူးပေါင်းစစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့ပါတယ်။
Source: Reuters


