
ဘိုလီးဗီးယားနိုင်ငံရဲ့ ဘိုလီးဗီးယားဗဟိုဘဏ်က ထုတ်ဝေတဲ့ ငွေစက္ကူအသစ်တွေကို တင်ဆောင် လာတဲ့ ဟာကျူလီစ်စစ်လေယာဉ်တစင်းဟာ ဖေဖော်ဝါရီ ၂၇ ရက်က မြို့တော်လာပါ့ဇ်နားက အယ်လ်အော်တိုမြို့မှာ ပျက်ကျခဲ့ပြီး လူ ၁၅ ယောက် သေဆုံးကာ အယောက် ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြပါတယ်။
လေယာဉ်မှူးအပါအဝင် အမှုထမ်း ၈ ယောက် လိုက်ပါလာတဲ့ စစ်ဘက်လေယာဉ်ဟာ ဆန်တာခရုဇ် မြို့ကနေ ပျံသန်းထွက်ခွာလာပြီး အယ်လ်အော်တို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ချိန်မှာ ရာသီဥတုဆိုးရွားမှုကြောင့် ပြေးလမ်းကနေ ချော်ထွက်ပြီး အနီးနားက လူစည်ကားတဲ့ လမ်းမကြီး ပေါ်ကို ရောက်သွားခဲ့တာလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
လေယာဉ်တစင်းလုံး ပြင်းပြင်းထန်ထန် ပျက်စီးသွားသလို လမ်းပေါ်ရှိ မော်တော်ယာဉ် အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာတော့ လေယာဉ်ပျက်ထဲက ပြန့်ကြဲသွားတဲ့ ငွေစက္ကူတွေကို လူအုပ်လိုက် ဝိုင်းဝန်းကောက်ယူနေကြတာကြောင့် အခြေအနေတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင် တွေက လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေ အသုံးပြုပြီး ထိန်းသိမ်းခဲ့ရသလို လူအုပ်နဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ ခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုအပြီးမှာ အယ်လ်အော်တို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယာယီပိတ်ထား ကြောင်း ဘိုလီးဗီးယန်းအမျိုးသားလေကြောင်းလိုင်းက ကြေညာခဲ့ပြီး မတော်တဆမှုဖြစ်တဲ့ လေယာဉ်ဟာ သူတို့ရဲ့ လေယာဉ်အုပ်စုနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
လေတပ်ဦးစီးချုပ် ဆယ်ရ်ဟီယိုလိုရာက အရေးပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီလို့ ကြေညာခဲ့ပြီး ကာကွယ်ရေးဝန်ကြီး မာဆယ်လို ဆလီနာ့စ်ကလည်း သေဆုံးသူ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားကာ ထိခိုက်ဒဏ်ရာရသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ဘိုလီးဗီးယား ဗဟိုဘဏ်ကလည်း သောကြာနေ့ ညနေပိုင်းမှာ သတင်းထောက်တွေကို ရှင်းလင်းပြောကြားဖို့ စီစဉ်ထားပါတယ်။
Source:Reuters


