
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက် မတ် ၁၃ ရက်က အိပ်နေရင်း သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေရဲ့ ဖော်ပြချက်နဲ့ မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ်၊ ကင်ဖိုမြို့က အလုပ်သမားအိမ်ရာ အိပ်ခန်းအတွင်း အသက် ၃၅ နှစ်အရွယ် ကိုလင်းလင်းထွန်းမှာ အိပ်နေရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကိုလင်းလင်းထွန်းမှာ လုပ်ငန်းခွင်ထဲရောက်မလာတဲ့အတွက် အလုပ်ရုံတာဝန်ရှိသူတွေက အိပ်ခန်းဆီ သွားခေါ်မှ သေဆုံးလျက်ရှိတာတွေ့ရတာလို့ တောင်ကိုရီးယားသတင်းမီဒီယာတွေမှာ ဖော်ပြထား ပါတယ်။
ရဲဌာနရဲ့ စစ်ဆေးချက်အရအခန်းတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်များနေတာကြောင့် အောက်ဆီဂျင်ပြတ်ကာ အသက်ရှူကြပ်သေဆုံးတာလို့ ဆိုပါတယ်။
ကိုလင်းလင်းထွန်းမှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကနေ ရောက်ရှိ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့သမီးတယောက် ကျန်ခဲ့တယ်လို့ တောင်ကိုရီးယားရောက် မြန်မာ အလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က အသိပေးထားပါတယ်။
ရဲဌာနက လိုအပ်တဲ့စစ်ဆေးမှုတွေ ပြီးပြတ်မှ နာရေးကိစ္စကို ဆက်လုပ်သွားရမှာပြီး နာရေးအတွက် ကူညီပေးကြဖို့ကိုလည်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကို သူက အကူအညီတောင်း ထားပါတယ်။
လက်ရှိမှာ သေဆုံးရတဲ့ အကြောင်းအရင်းကို အသေးစိတ်ရင်ခွဲစစ်ဆေးသွားဖို့ရှိသလို စက်ရုံ တာဝန်ရှိသူတွေကိုလည်း စစ်ဆေးသွားဖို့ရှိတယ်လို့ ရဲဌာနက ထုတ်ပြန်ထားပါတယ်။


