Home
မြန်မာသတင်း
EPS စာမေးပွဲ အမှတ်ပေးစည်းမျဉ်းအသစ်ကြောင့် မြန်မာလုပ်သားများအတွက် စိန်ခေါ်မှုပိုများလာ
DVB
·
March 3, 2026

EPS-TOPIK စာမေးပွဲအတွက် အမှတ်ပေးစည်းမျဉ်းအသစ်ကြောင့် ဖြေဆိုမဲ့ မြန်မာလုပ်သားတွေ အနေနဲ့ အရင်ကထက် ပိုပြီး အားထုတ်ရဖို့ ရှိနေတယ်လို့ ကိုရီးယား အလုပ်အကိုင်နဲ့ ဘာသာစကား သင်တန်းနည်းပြတွေက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မဲ့သူတွေအနေနဲ့ EPS-TOPIK စာမေးပွဲ ဖြေဆိုအောင်မြင်ထားဖို့ အဓိကလိုအပ်တာဖြစ်ပြီး အခုနှစ်မှာ အမှတ်ပေးစည်းမျဉ်း ပြောင်းလဲသွားမယ်လို့ အဲဒီစာမေးပွဲကို စီစဥ်တဲ့ အလုပ်ရှင်ကိုယ်စားပြုအဖွဲ့ HRD-Korea က ဇန်နဝါရီလကုန်ပိုင်းမှာ အသိပေး ထုတ်ပြန်ထားပါတယ်။

ကိုရီးယားဘာသာသင်တန်း နည်းပြတယောက်က “EPS ဖြေမဲ့သူတွေအတွက် အရင်ကထက်ပိုပြီး အားထုတ်မှ အဆင်ပြေမဲ့ အနေအထား ဖြစ်လာတယ်။ တော်ရုံ ကြိုးစားရုံလောက်နဲ့ မရတော့ဘူး။ တခြားနိုင်ငံက အလုပ်သမားတွေနဲ့ ယှဥ်ပြိုင်ရမှာ၊ ကိုယ့်လုပ်သားတွေက အရည်အချင်းသာနေမှ အခွင့်အလမ်းပိုရမှာ” လို့ ပြောပါတယ်။

တောင်ကိုရီးယားအစိုးရက မြန်မာ အပါအဝင် ပြည်ပ ၁၆ နိုင်ငံမှာ EPS-TOPIK စာမေးပွဲကျင်းပပြီး အောင်မြင်သူတွေထဲက လုပ်ငန်းရှင်စိတ်ကြိုက် အလုပ်သမားကို ရွေးချယ်ခေါ်ယူစေတဲ့စနစ် ကျင့်သုံးနေတာ ဖြစ်ပါတယ်။

အဲဒီ EPS-TOPIK စာမေးပွဲရဲ့ အမှတ်ပေးစည်းမျဉ်းအသစ်မှာ အောင်မှတ်သတ်မှတ်ချက်ကို တိုးမြှင့်ထားတာကြောင့် ခေါ်ယူမဲ့ အလုပ်သမားတွေရဲ့ အရည်အချင်းကို ပိုပြီးအလေးထား စိစစ်လာတဲ့သဘော တွေ့ရတယ်လို့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေက မှတ်ချက်ပြုပါတယ်။

ပြောင်းလဲကျင့်သုံးမဲ့ အမှတ်ပေးစည်းမျဉ်းမှာ အရင်က ကုန်ထုတ်လုပ်ငန်းအတွက် အောင်မှတ် ၅၅ မှတ် ပေးတာကို ၆၀ မှတ် တိုးမြှင့်သလို ကျန်လုပ်ငန်းကဏ္ဍတွေရဲ့ အောင်မှတ် ၄၀ အစား ၄၅ မှတ်ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်တာဗျူးအတွက် ရမှတ်ကို ၃၀ သတ်မှတ်ထားတာကနေ ၅၀ မှတ်အထိ တိုးမြှင့်လိုက်သလို အင်တာဗျူးမှာ အရင်က လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ကိရိယာနဲ့ ညွှန်ကြားချက် ၃ မျိုးစီပဲ မေးတာကို ကိရိယာ ၅ မျိုးနဲ့ အလုပ်ညွှန်ကြားချက် ၅ ခုအထိ တိုးမြှင့်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

HRD-Korea အနေနဲ့ အခုနှစ်ထဲမှာ EPS- TOPIK စာမေးပွဲကျင်းပဖို့ ကြေညာထားတာ မရှိသေးဘဲ အမှတ်ပေးစည်းမျဉ်း အပြောင်းအလဲကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီစာမေးပွဲကိုဖြေဆိုဖို့ စောင့်ဆိုင်းနေသူတယောက်က “အမှတ်ပေးစနစ် ပြောင်းလိုက်လို့ စိန်ခေါ်မှု များသွားတာတော့ အမှန်ပဲ။ တခြားရွေးချယ်စရာမရှိတော့ မတတ်နိုင်ဘူး။ အခုဖြစ်နေတာက စည်းမျဉ်းအသစ်ပြောင်းပြီး စာမေးပွဲက ရှိလား၊ မရှိဘူးလား ဆိုတာကို မသိရတာ” လို့ ပြောပါတယ်။

EPS-TOPIK စာမေးပွဲကို ကိုဗစ်ကပ်ရောဂါကာလအတွင်း ရပ်နားခဲ့ပြီး ၂၀၂၄ မှာ ပုံမှန်လုပ်ငန်း အမျိုးအစားတွေအပြင် အမျိုးသမီးတွေပါ လုပ်ကိုင်ခွင့်ရမဲ့ ဝန်ဆောင်မှုလုပ်ငန်းကို ထည့်သွင်းကာ ပြန်လည်ကျင်းပခဲ့ပါတယ်။

အဲဒီနောက်ပိုင်း EPS-TOPIK စာမေးပွဲ ထပ်မလုပ်ဖြစ်သေးတဲ့အတွက် ဖြေဆိုဖို့ စောင့်ဆိုင်းသူတွေ အများအပြားရှိနေသလို အရင်အောင်ထားသူတွေကို ပြီးပြတ်အောင် ခေါ်ယူပြီးမှ စာမေးပွဲ ဆက်ကျင်းပဖို့ တောင်းဆိုသူတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားပေမဲ့ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက်လုပ်ကိုင်ခွင့် ဆက်ပေးထားတဲ့အတွက် စာမေးပွဲဝင်ရောက်ဖြေဆိုမဲ့သူတွေ အရင်ကထက် ပိုများလာတယ်လို့ အလုပ်သမားတွေနဲ့ သင်တန်းကျောင်းတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013