
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ တောင်ပြို၊ ရေကြီး သဘာဝဘေးကြောင့် စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ရတဲ့ ကျေးရွာတွေက လူငယ်တွေ အသက်မွေး လုပ်ငန်းတွေရှာဖွေဖို့ နေရပ်စွန့်ခွာသွားကြတယ်လို့ ဒေသခံ ရပ်မိရပ်ဖတွေဆီက သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ တောင်ပြိုရေကြီးမှုတွေကြောင့် စိုက်ပျိုးမြေတွေပျက်စီးခဲ့တဲ့ ဟိုပုံးမြို့နယ် ကျေးလက် တောရွာရှိ ဒေသခံလူငယ်တွေဟာ နေရပ်ကိုစွန့်ခွာလာကြတာဖြစ်ပြီး ကျေးရွာအတွင်းရှိ လူငယ် ၇၅ ရာခိုင်နှုန်းအထိ နေရပ်စွန့်ခွာခဲ့ကြတာလို့ ကျေးရွာသူကြီးက ပြောပါတယ်။
“ဒေသခံတွေကျတော့ လယ်တွေဘာတွေပျက်စီးကုန်တယ်။ ပြီးခါကျတော့ တချို့တွေကျတော့ ရှာစားဖို့ကလည်း မလွယ်ဘူးလေ။ စိတ်ငယ်တဲ့သူကတော့ ယိုးဒယား တက်သွားတာပေါ့။ ရှိတာပေါ့၊ ဦးရေကျတော့ ပြောရမယ်ဆိုရင် များတော့များတာပေါ့။ အဲ့ဘက်သွားတာက ၇၅ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေရော အဲ့မှာ အလုပ်သွားလုပ်ကြတာပေါ့။ ဒီမှာ ကျတော့ အဆင်မပြေတော့ဘူးလေ။”
တောင်ပြို၊ ရေကြီးမှုတွေကြောင့် ၂၀၂၄ မိုးစပါးရာသီမှာ စိုက်ပျိုးထားတဲ့ စပါးပင်တွေ မရိတ်သိမ်းခင် စက်တင်ဘာလမှာပဲ ချောင်းရေနဲ့အတူပါလာတဲ့ တောင်မြေတွေ၊ ကျောက်တုံးတွေ၊ သစ်တုံးကြီး တွေက စိုက်ပျိုးမြေအပေါ် လူတရပ်စာ ဖုံးလွှမ်းသွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် စိုက်ပျိုးမြေတွေကို နဂိုအတိုင်း ပြန်လည်ဖော်ထုတ်နိုင်တဲ့ အခြေအနေ လုံးဝမရှိတော့ဘဲ အဲ့ဒီနှစ် သီးနှံချိန်ကစလို့ လက်ရှိ ၂၀၂၆ ဆောင်းရာသီအထိ သီးနှံ ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ ပါဘူး။
ဒါကြောင့် အဓိကဝမ်းစာအပြင် ဝင်ငွေရတဲ့ ဆောင်းသီးနှံပါ လုံးဝ မစိုက်ပျိုးနိုင်တော့တဲ့ လေးရာသီ မြောက် ရှိလာချိန်မှာ လူငယ်တွေဟာ ဝမ်းစာရေးအတွက် နိုင်ငံရပ်ခြားကို ထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကျေးရွာတွေမှာ စိုက်ပျိုးမြေတွေ မရှိတော့သလို နေအိမ်တွေမှာလည်း သက်ကြီးရွယ်အိုတွေသာ များပြားလာခဲ့ပါတယ်။
သီးနှံစိုက်ပျိုးသူတောင်သူတယောက်က “ကျနော်တို့ လူငယ်တွေက သူများနိုင်ငံထွက်သွားကုန်ပေါ့။ ယိုးဒယားတို့ဘာတို့ ထွက်သွားကုန်ပြီ။ ဒီမှာ တချို့တွေက အလုပ်လက်မဲ့တွေ ဘာတွေ ဖြစ်သွား ကုန်တော့ သူများနိုင်ငံမှာ သွားပြီးတော့မှ အလုပ်လုပ်ရတယ်ပေါ့။ သူများနိုင်ငံမှာ အလုပ်လုပ်ပြီးမှ ထောက်ပံ့ကြေးနဲ့ အလုပ်ပြန်ပေးလာရတယ်ပေါ့။ ခုနောက်ပိုင်း ကျနော်တို့ ရွာတွေမှာ အသက် ၄၀ ကျော်တွေပဲ ရှိတော့တယ်။ တအိမ်မှာဆိုရင် မိသားစုမှာဆိုရင် မသွားဘူး ဆိုရင် တချို့က လင်မယား ၂ ယောက်ပဲ ကျန်တာပေါ့။ ကျန်တဲ့လူငယ်၊ လူလတ်တွေဆိုရင် သုံးလေး ယောက်ရှိရင်၊ သုံးလေး ယောက်က ယိုးဒယားကို ထွက်သွားတာပေါ့” လို့ ပြောပါတယ်။
ဟိုပုံးမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့လယ်ဧက ၂၅၀ အတွက် ကုန်းမြင့် လယ်ယာ ဖော်ဆောင်ပြီး စိုက်ပျိုးမြေ အစားထိုးပြန်လည်ပေးအပ်ထားပါတယ်။
အဲ့ဒီစိုက်ပျိုးမြေအသစ်မှာ သီးနှံအသားမကျခင်မှာပဲ ဒေသခံလူငယ်တွေဟာ နေရပ်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ ဒီလို လူငယ်တွေ နေရပ်စွန့်ခွာကြတာကလည်း ရွာရဲ့ အနာဂတ် အတွက် လုပ်ဆောင်ကြတာလို့ ကျေးရွာသူကြီးက ပြောပါတယ်။
“ဒီရွာရဲ့အနာဂတ်ကို သူတို့က လှပစေချင်လို့ပေါ့။ ဒီမှာပဲနေမယ်ဆိုရင် လုံးဝအဆင်မပြေနိုင်ဘူး။ ရွာရဲ့ အကျိုးအတွက်လည်း အကျိုးသိပ်မရှိဘူးပေါ့။ ဟိုမှာ ပိုက်ဆံတွေ သွားရှာမယ်။ ရတဲ့အခါကျတော့ သူတို့ကလည်း ဒီဟာအတွက် သူတို့ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တယ်ပေါ့။ ရွာထဲမှာလည်း တချို့ မသွားနိုင်တဲ့သူ ရှိတယ်လေ။ သွားနိုင်တဲ့သူက နည်းနည်းပါးပါးထောက်ပံ့ပေးတယ်ပေါ့။ အဲဒီ လိုမျိုးပေါ့နော်။”
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ကျေးရွာတွေမှာ ၂၀၂၄ စက်တင်ဘာလက တောင်ပြို ရေကြီးမှု အတွင်း ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ကစပြီး ၂၀၂၅ ခုနှစ်အထိ တောင်ပြိုရေကြီးတာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဟိုပုံးမြို့နယ် ပအိုဝ်းဒေသရှိ လွယ်ဖီး၊ ခိုခြဲ၊ စငေါ၊ လိုက်ကွန် စတဲ့ကျေးရွာတွေမှာ စိုက်ပျိုးမြေတွေ အများဆုံး ပျက်စီးခဲ့ပါတယ်။
ဟန်န


