
ညောင်လေးပင်မြို့နယ်မှာ အရပ်သားပြည်သူတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ် ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လျစ်လျူမရှုဘဲ ထိရောက်တဲ့ အရေးယူတာတွေ အမြန်ဆုံးလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
မတ် ၁၄ ရက် ဒီနေ့မှာ NUG က ထုတ်ပြန်တာဖြစ်ပြီး စစ်တပ်ကို လေကြောင်းသုံးယာဉ်တွေ၊ လက်နက်ခဲယမ်းတွေ၊ လေယာဉ်ဆီအပါအဝင် လောင်စာဆီတွေ တင်ပို့ရောင်းချတာကို ရပ်တန့်ဖို့နဲ့ စစ်တပ်ကို အသွင်ပြောင်းတဲ့ အတုအယောင်လွှတ်တော်နဲ့ အစိုးရအမည်ခံ ဟန်ပြအစုအဖွဲ့ကို တရားဝင်မှု ပေးအပ်တာမျိုး မပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
မတ် ၅ ရက်နေ့က ပဲခူတိုင်း၊ ညောင်လေးပင်မြို့နယ်က ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်း ကျေးရွာတို့ကို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက်၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ ၂၈ ယောက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၃၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ကယ်ထုတ် နိုင်ခဲ့ပေမဲ့ ဒီစစ်ဆင်ရေးအတွင်း PDF ရဲဘော် ၉ ယောက်နဲ့ KNLA ရဲဘော် ၂ ယောက် ကျဆုံးခဲ့သလို ၇ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီလို ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတစ်ယောက်ချင်းစီအတွက် တရားမျှတမှု ပြန်လည်ရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမှာဖြစ်ပြီး စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေပေးဖို့ အလေးထားဆောင်ရွက်သွားမယ်လို့လည်း NUG က ဆိုပါတယ်။


