
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ထံ အကျဉ်းသားတွေရဲ့ အခက်အခဲ လိုအပ်ချက်တွေကို တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက် (ခ) သိုးသိုးကို သာယာဝတီထောင် အကျဉ်းဦးစီးအရာရှိအပါအဝင် ထောင်ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက် ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က မတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ICRC အဖွဲ့က သာယာဝတီအကျဉ်းထောင်ကို လာရောက်ချိန်မှာ နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက်က အကျဉ်းသားတွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို တင်ပြခဲ့တာဖြစ်ပါတယ်။
ICRC ပြန်သွားပြီးနောက် ဖေဖော်ဝါရီ ၇ ရက်မှာ အကျဉ်းထောင်အတွင်း အခက်အခဲတွေ တင်ပြ ခဲ့တာကို မကျေနပ်တဲ့အတွက် အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင်နဲ့ အဆောင်လူကြီး (တန်းစီး) တွေဖြစ်တဲ့ ဖိုးသား၊ ကျော်ဇင်ဦးတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ကိုမျိုးကျော်ထက်ကို ပင်မ အကျဉ်းထောင် (Main Jail) အတွင်းကို ခေါ်ဆောင်သွားကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြလို့ မျက်နှာ တခြမ်းလုံး ဖူးယောင်ညိုမဲဒဏ်ရာတွေရရှိတာ၊ နားအတွင်းက သွေးထွက်ခဲ့ပါတယ်။
ကိုမျိုးကျော်ထက်ဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပေမဲ့ မတ် ၁၃ ရက်အထိ ဆေးကုသခွင့် မရရှိသေးတဲ့အပြင် အပြင်လူတွေနဲ့ပါ အဆက်အသွယ်ဖြတ်တောက် (တိုက်ပိတ်) ခံထားရတယ် လို့ သိရပါတယ်။
ဒီလိုမတရားကျူးလွန်မှုတွေကြောင့် အကျဉ်းသားတွေက တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုရာမှာလည်း အကျဉ်းဦးစီးအရာရှိနဲ့အဖွဲ့က အဆောင် ၈ နဲ့ အဆောင် ၉ အတွင်းကို ဝင်ရောက်ပြီး လက်နက်တွေနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ PPNM ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


