
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ထောင်ဝန်ထမ်း စိုးမင်းက ပခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ပြီးနောက် တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ ထောင်ဝန်ထမ်း စိုးမင်းဟာ သာယာဝတီထောင်က အဆောင်မှူးရုံးခန်းမှာ အလုပ်လုပ်တဲ့ တခြားအမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတယောက်နဲ့ ရန်ဖြစ်တယ်လို့ စွပ်စွဲပြီး ကိုအောင်သူထက်ကို ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
ထောင်ဝန်ထမ်း စိုးမင်းဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို မကြာခဏ ပြုလုပ်တတ်ပြီး ထောင်ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့လို့ တိုင်ကြားခံထားရသူလည်း ဖြစ်ပါတယ်။
ကိုအောင်သူထက်ကို ပခုံးအဆစ်ပြုတ်အောင် ရိုက်နှက်ပြီးနောက် အချိန်အတော်ကြာမှ ဆေးကုသပေးခဲ့ပြီးနောက် ပြဿနာရှိတယ်ဆိုကာ တိုက်ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ထောင်ဝန်ထမ်း စိုးမင်းကို အပြင်ထွက်ခွင့်ပိတ်တာနဲ့ သာယာဝတီထောင်မှာပဲ နေရာပြောင်းခဲ့ပြီး အရေးယူဆောင်ရွက်တာ မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှု၊ ရိုက်နှက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပေမဲ့ ထောင်အာဏာပိုင်တွေက ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှုတွေ မပြုလုပ်ဘဲ လျစ်လျူရှုနေကြတယ်လို့ သိရပါတယ်။
ဒါကြောင့် ထောင်အာဏာပိုင်တွေအနေနဲ့ ထောင်ဝန်ထမ်းတွေက တရားဥပဒေမဲ့စွာ ရိုက်နှက်မှုတွေ ပြုလုပ်နေတဲ့အပေါ် ရပ်တန့်စေဖို့အတွက် အမြန်ဆုံး ဆောင်ရွက်ကြဖို့ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က တောင်းဆိုထားပါတယ်။