
ဘားရိန်းနိုင်ငံ၊ မူဟာရက်မြို့ လေဆိပ်အနီးမှာရှိတဲ့ လောင်စာဆီ သိုလှောင်ကန်တွေကို အီရန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရပြီးနောက် မတ် ၁၂ ရက် မနက်အစောပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ မီးသတ်သမားတွေက အရေးပေါ် မီးငြှိမ်းသတ်နေခဲ့ရပါတယ်။
မတ် ၁၂ ရက် မနက်အစောပိုင်းမှာ မူဟာရက်မြို့ရှိ စက်ရုံတခုရှိ လောင်စာဆီတိုင်ကီတွေကို အီရန်တပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဘာရိန်းပြန်ကြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ မီးတောက်တွေဟာ အရှိန်မြင့်တက်လာပြီး မီးခိုးမည်းကြီးတွေ လေထဲကို ပျံ့နှံ့နေကာ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးမပြန့်သွားအောင် ထိန်းချုပ်ဖို့ ကြိုးစားနေကြတာကိုလည်း မြင်တွေ့ရပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် ၂ ပတ်နီးပါးအတွင်း စစ်ပွဲကြောင့် လူပေါင်း ၂,၀၀၀ လောက် သေဆုံးခဲ့ရပြီး ဒီပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။
ဒီပဋိပက္ခဟာ အရှေ့အလယ်ပိုင်း ဒေသတလျှောက် ပျံ့နှံ့လာပြီး ၁၉၇၀ ခုနှစ်တွေနောက်ပိုင်း အကြီးဆုံး လောင်စာဆီဈေးတက်မှု အန္တရာယ်ကို လျှော့ချဖို့ နိုင်ငံတွေက အရေးပေါ် အစိုးရရေနံသိုလှောင်မှုတွေကို အကြီးမားဆုံးပမာဏနဲ့ ထုတ်လွှတ်ဖို့ စီစဉ်နေကြပါတယ်။
Source: Reuters


