
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်နဲ့ အင်္ဂပူမြို့နယ်တို့မှာ မတ် ၁၁ ရက်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၆ လုံး၊ စာသင်ကျောင်း ၃ ကျောင်းနဲ့ ဂိုဒေါင် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသက်လေပြင်းဒဏ်ကြောင့် မနေ့ညနေ ၆ နာရီလောက်က အင်္ဂပူမြို့နယ်၊ ခွေးတောက်ချော ကျေးရွာအုပ်စု၊ နံကပ်ကြီးကျေးရွာမှာ လူနေအိမ် ၇ လုံးနဲ့ ဂိုဒေါင်တလုံး ပျက်စီးသွားပါတယ်။
အလားတူ မြန်အောင်မြို့နယ်၊ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ အုန်းနှဲအင်းကျေးရွာမှာလည်း နေအိမ် ၉ လုံး၊ စာသင်ကျောင်း ၃ ကျောင်းနဲ့ ဂိုဒေါင်တလုံးတို့ ပျက်စီးခဲ့တာလို့ ဒေသခံက ပြောပါတယ်။
အင်္ဂပူဒေသခံတယောက်က “မိုးတွေရွာလာပြီး ရုတ်တရက် လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တာပါ။ ပျက်စီးသွားတဲ့အိမ်တွေက အစုံပါပဲ။ လူတွေ၊ တိရစ္ဆာန်တွေ၊ ထိခိုက်သေဆုံးတာ မရှိပါဘူး” လို့ ပြောပါတယ်။
မိုးသက်လေပြင်းဒဏ်ကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနဲ့ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်တွေ ပြိုကျပျက်စီးခဲ့ပြီး စာသင်ကျောင်းကတော့ အမိုးလန် ပျက်စီးသွားတာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းတွေ ကောက်ယူနေပါတယ်။ ရှာဖွေရှင်းလင်းရေး လုပ်ငန်းတွေကို မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေ ပေါင်းစပ်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး ပြိုလဲကျနေမှုတွေကို ပရဟိတအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေ၊ ဒေသခံတွေက ပူးပေါင်းရှင်းလင်းခဲ့ကြပြီး နေအိမ်ပျက်စီးတဲ့ လေဘေးသင့်ဒေသခံတွေဟာ အသိမိတ်ဆွေအိမ်တွေမှာ ယာယီပြောင်းရွှေ့ နေထိုင်နေကြပါတယ်။


