
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၄ ယောက်ကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) ဆီ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ် ၁၁ ရက်က ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ၊ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ အမ်းမြို့နယ်တို့ကနေ စစ်ဘေးတိမ်းရှောင်လာပြီး ရေကြည်မြို့နယ်၊ မြောက်စမ်းရွာမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၄ ယောက်ကို ဂွ-ငါးသိုင်းချောင်းလမ်းအနီးမှာ အခြေစိုက်ထားတဲ့ အမတ ၃၄၄ အမြောက်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အဖမ်းခံရတာ မှန်တယ်။ မသင်္ကာလို့ဆိုပြီး ဖမ်းတာ။ AA သတင်းပေးတွေဆိုပြီး ဖမ်းတာ။ အဖမ်းခံရတဲ့သူတွေက ဂွနဲ့ အမ်းဘက်က ထွက်ပြေးလာသူတွေလို့ သိရတယ်။ ဘယ်မှာဖမ်းထားတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ စစ်ဘေးရှောင်တွေထဲမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတယောက် ဖြစ်ပြီး စစ်တွေမြို့နယ်က စစ်ရှောင် ၃ ယောက်နဲ့ အမ်းမြို့က စစ်ရှောင်တယောက် ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ငရုတ်ကောင်းမြို့အနီးမှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။


