Home
မြန်မာသတင်း
စစ်တွေတွင် စစ်ကောင်စီတပ်က ရေကြောင်းမှတဆင့် လက်နက်ခဲယမ်း ဖြည့်တင်းနေ
DVB
·
March 12, 2026
ရေတပ်သင်္ဘောတစီးကို စစ်တွေဆိပ်ကမ်း၌ ၂၀၂၃ ခုနှစ် မေလက တွေ့ရစဥ်။ (Photo: MOI)

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေမြို့ကို စစ်ကောင်စီတပ်က ရေကြောင်းကနေတဆင့် လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရေတပ်သင်္ဘောနဲ့ သယ်ယူလာတဲ့ လက်နက်ခဲယမ်းတွေကို စစ်တွေမြို့ ဖောင်တော်ကြီးဆိပ်ကမ်း ကတဆင့် မတ် ၁၁ ရက်မှာ ကားတွေနဲ့ သယ်ယူနေကြတာဖြစ်ပြီး ဆိပ်ကမ်းကိုလည်း လုံခြုံရေး တိုးမြှင့်ချထားတာရှိတယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဖောင်တော်ကြီး ဆိပ်ကမ်းကနေ စစ်ကားတွေနဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းနေတာတွေ တွေ့ရတယ်။ လူတွေတော့ သိပ်မပါဘူး။ သစ်သားသေတ္တာတွေပဲ၊ လက်နက်ခဲယမ်းတွေ ဖြစ်ဖို့များတယ်။ ဆိပ်ကမ်းကိုလည်း လုံခြုံရေးတင်းကျပ်ထားတာကြောင့် အတိအကျတော့ မသိဘူး။ ဆိပ်ကမ်းမှာ လည်း စစ်သင်္ဘောတစီး ဆိုက်ကပ်နေတာရှိတယ်။”

စစ်တွေမြို့နယ်မှာ ရွှေမင်းဂံရေတပ်အပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကျေးရွာတွေက စစ်ကောင်စီကာကင်းစခန်းတွေကို အာရက္ခတပ်တော်က တိုက်ခိုက် သိမ်းပိုက် လိုက်ပြီးနောက် စစ်ကောင်စီက လက်နက်ခဲယမ်း ဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်အပါအဝင် တပ်စခန်းတွေ တိုက်ခိုက်ခံရ ပြီးနောက် ပင်လယ်ပြင်မှာလည်း ရေတပ်အင်အားကို အရင်ကလည်း တိုးချဲ့ချထားတာတွေ ရှိတယ် လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်အတွင်းရှိ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက လက်နက်အင်အား ဖြည့်တင်းနေတာဖြစ်နိုင်တယ်လို့ နောက်ထပ် စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တွေတိုက်ပွဲက မတ်လ ၉ ရက်ကတည်းက ပြန်ပြီးတော့ ငြိမ်သက်နေတယ်လို့ ပြောရမယ်။ ပစ်သံတွေ သိပ်မကြားရတော့ဘူး။ အဲဒီငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက လက်နက် ခဲယမ်းတွေကို ဖြည့်တင်းဖို့ ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်။ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်လာရင် ခုခံဖို့ ပြင်ဆင်နေတာ။”

စစ်တွေမြို့နယ်မှာ ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ် ၈ ရက်အထိ ၂ ပတ်ကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး စစ်တွေမြို့နဲ့ တမိုင်ကျော်အကွာမှာရှိတဲ့ ရွှေမင်းဂံရေတပ်အပါအဝင် ပုဏ္ဏားကျွန်း မြို့နယ်အစပ်ရှိ အမြင့်ကျွန်းတပ်စခန်းတွေအထိ စစ်ကောင်စီတပ်စခန်း ၁၂ ခုထက် မနည်းကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်က တပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် ပုဏ္ဏားကျွန်း မြို့နယ်နဲ့ ပေါက်တောမြို့နယ်က အရပ်ဘက်ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု တွေကို ဆက်တိုက်လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာကြောင့် အဲဒီမြို့နယ်တွေကတဆင့် စစ်တွေ မြို့နယ်ကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013