
ချဲလ်ဆီးနည်းပြ လီယမ်ရိုဆင်နီယာဟာ PSG ကို ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ပွဲချိန် ၇၅ မိနစ်အထိ အသင်းရဲ့ ကစားပုံကို ကျေနပ်မိပေမဲ့ နောက်ဆုံးမိနစ်တွေမှာ အာရုံစူးစိုက်မှု လျော့နည်းသွားတာကို ဝန်ခံခဲ့ပါတယ်။
ဂိုးသမား ဂျော်ဂျန်ဆင်ရဲ့ အမှားတွေနဲ့ ပတ်သက်ပြီး ကစားသမားတိုင်း အမှားလုပ်တတ်တာ သဘာဝဖြစ်လို့ ပြစ်တင်ဝေဖန်မှာ မဟုတ်ဘဲ အသင်းလိုက် စည်းလုံးမှုကိုပဲ ဆက်ထိန်းသွားမယ်လို့ ဆိုပါတယ်။
ချဲလ်ဆီးအသင်းဟာ PSG အိမ်ကွင်းမှာ ၇၅ မိနစ်အထိ အကောင်းဆုံးယှဉ်ကစားနိုင်ခဲ့ပေမဲ့ ဂိုးသမား ဂျော်ဂျန်ဆင်ရဲ့ အမှားနဲ့ ပွဲအပြီးမှာ ၅ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။
ဂျာအိုပက်ဒရိုရဲ့ သွင်းဂိုးဟာ လူကျွံဘောဖြစ်ခဲ့လို့ ၃ ဂိုးစီ သရေဖြစ်မဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာကလည်း ပွဲရဲ့ အလှည့်အပြောင်းတခု ဖြစ်ခဲ့တယ်လို့ နည်းပြက ယူဆနေပါတယ်။
အဝေးကွင်းမှာ ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့ဟာ ခက်ခဲနိုင်ပေမဲ့ မဖြစ်နိုင်တဲ့ အရာမဟုတ်ဘူးလို့ ယုံကြည်နေပြီး လာမဲ့ နယူးကာဆယ်နဲ့ပွဲမှာ အကောင်းဆုံး တုံ့ပြန်ပြဖို့ ပြင်ဆင်နေပါတယ်လို့ ပြောပါတယ်။


