
စစ်ကောင်စီက စက်သုံးဆီချွေတာရေး စီမံချက်အနေနဲ့ အိမ်စီးကားတွေကို မတ် ၇ ရက်ကစပြီး စုံဂဏန်းနဲ့ မဂဏန်း ခွဲခြားပြီး စုံ၊ မ နေ့ရက်အလိုက် မောင်းနှင်ဖို့ ထုတ်ပြန်ထားကာ မတ် ၇ ရက်ကနေ ၁၃ ရက်အထိ ပညာပေးကာလသာ ဖြစ်ပေမဲ့ ယာဉ်ထိန်းရဲတွေက ဖမ်းဆီးပြီး ဒဏ်ကြေး ရိုက်တာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ ခံတွေက ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေရဲ့ ရေလမ်းကြောင်း သယ်ယူပို့ဆောင်ရေးမှာ ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့ အကြောင်း ပြချက်နဲ့ စစ်ကောင်စီက အိမ်စီးကားတွေကို စုံနဲ့ မ စနစ်ကို ကျင့်သုံးမှာဖြစ်ပြီး ပညာပေးကာလအပြီး မတ် ၁၄ ရက်ကစလို့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ One Stop Service အဖွဲ့ ၂ ဖွဲ့ ဒါမှမဟုတ် ၃ ဖွဲ့ခွဲပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။
One Stop Service အဖွဲ့နဲ့ အရေးယူမယ် ဆိုတာကတော့ ထွေအုပ်၊ နယ်မြေခံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့ ဟာ စောင့်ကြည့်ပြီး စည်းကမ်းဖောက်ဖျက်သူကို တခါတည်း ဖမ်းဆီး၊ အရေးယူပြီး ပြစ်ဒဏ်အနေနဲ့ အလုပ်မဲ့ထောင်ဒဏ် ၁ လ ဒါမှမဟုတ် ငွေဒဏ် ကျပ် ၂၀,၀၀၀ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံ ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပညာပေးကာလမှာကတည်းက ယာဉ်ထိန်းရဲတွေဟာ ကားတွေကို ဖမ်းဆီးနေတာကြောင့် ငွေဒဏ်တွေ ပေးဆောင်နေရတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ပညာပေးကာလပဲ ရှိသေးတယ်။ ၁၃ ရက်နေ့ထိ ပညာပေး၊ ၁၄ ရက်နေ့ကျရင် စပြီးဖမ်းမှာ။ တချို့ ဖမ်းတဲ့သူတွေကလည်း အမိန့်ကို သေချာနားမလည်ကြဘူး။ Hijet တို့ Hilux တို့ Light truck တို့ လုပ်ငန်းရှိရင်တောင်၊ အမိန့်မှာ လုပ်ငန်းရှိရင် ရတယ်ပြောထားတယ်၊ ဒါပေမဲ့ ဖမ်းတာပဲ မရဘူး။”
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ လုပ်ငန်းသုံးယာဉ်တွေ နေ့စဉ်အသုံးပြုနိုင်တယ်လို့ ဖော်ပြ ထားပေမဲ့ လုပ်ငန်းလိုင်စင်ပြတာတောင်မှ ယာဉ်မောင်းလိုင်စင် အနီမဟုတ်လို့ ဆိုပြီး အရေးယူတာ တွေ ရှိတယ်လို့လည်း ဆိုပါတယ်။
စုံ၊ မ စနစ်ကြောင့် ကလေးကို ကျောင်းကြိုပို့လုပ်တာနဲ့ အလုပ်သွားတဲ့အချိန်မှာ တက္ကစီဖိုးပါ ပိုကုန် နေရလို့ အဆင်မပြေဘူးလို့ ရန်ကုန်မြို့ခံတယောက်ကဆိုပါတယ်။
စုံ၊ မ စနစ်ခွဲပြီး ပညာပေးကာလမှာတင် အခုလို ငွေဒဏ် အရေးယူတာတွေက ယာဉ်ထိန်းရဲတွေ အတွက် ဝင်ငွေလမ်းကြောင်းအသစ် ဖြစ်လာတယ်လို့လည်း သူက ဆိုပါတယ်။
“ယာဉ်ထိန်းရဲတွေအတွက်တော့ ဝင်ငွေအသစ် ရပြီပေါ့။ အရင်ကတည်းက မျဉ်းဝါဖြတ်တာတွေ တောင်မှ ဖမ်းနေတာဆိုတော့လေ။ မီးပွိုင့်တွေလည်း အခုဆိုလည်း သူတို့တွေ လုပ်ထားတဲ့အတိုင်း အားလုံးသိကြတဲ့အတိုင်းပဲ ဖြစ်နေတာဆိုတော့၊ ဒါ သူတို့အတွက်တော့ ခွင်တခု စားပေါက်တခုလို့ ပြောပါရစေခင်ဗျ။”
လက်ရှိမှာ အရန်စက်သုံးဆီ ရက် ၄၀ စာ ရှိနေကြောင်းနဲ့ အရန်စက်သုံးဆီ မရှိတဲ့အတွက် အခုလို စုံ/ မ စနစ် ကျင့်သုံးဖို့ ထုတ်ပြန်ခဲ့တာ မဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး ခြိုးခြုံချွေတာရေးအတွက် လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျ ဖြတ်သန်းနိုင်ဖို့ ထုတ်ပြန်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၄ ရက်မှာ ပြောခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေနံသန့်စင် ချက်လုပ်နိုင်စွမ်းဟာ အလွန်နည်းပါးပြီး စုစုပေါင်းလိုအပ်ချက်ရဲ့ ၃ ရာခိုင်နှုန်းလောက်ကိုပဲ ပြည်တွင်းကနေ ထုတ်ပေးနိုင်တာ ဖြစ်တယ်လို့ ISP Myanmar ရဲ့ ဒေတာ အချက်အလက်အရ သိရပါတယ်။
နောက်ပြီး ISP Myanmar ရဲ့ အချက်အလက်တွေအရ နိုင်ငံတကာစံနှုန်းမှာ စွမ်းအင်လုံခြုံရေးအရ ရက် ၆၀၊ ရက် ၉၀ လောက် သိုလှောင်ထားနိုင်ရေး အကြံပြုကြတာကြောင့် မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ သိုလှောင်မှုက ရက် ၄၀ စာပဲ ရှိတာကို ကြည့်ရင် သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။
ရေနံတင်ပို့မှု ပြတ်တောက်သွားရင် မြန်မာနိုင်ငံ ရင်ဆိုင်ရမဲ့ လက်ငင်းရိုက်ခတ်မှုဟာ စက်သုံးဆီ ဝယ်ယူရရှိနိုင်မှု လျော့ကျသွားခြင်းနဲ့ စျေးနှုန်းမြင့်တက်ခြင်း ဖြစ်နိုင်ပါတယ်လို့ ISP Myanmar က ဆိုသလို ရန်ကုန်ဒေသခံတွေရဲ့ အဆိုအရ ဆီဈေးက တဖြည်းဖြည်းတက်လာနေပြီး ဓာတ်ဆီ 92 တလီတာကို ကျပ် ၂,၃၀၀ ကျော်ကနေ လက်ရှိမှာ ၂,၅၂၅ ကျပ်ထိ တက်လာခဲ့တယ်လို့ သိရပါတယ်။
မြတ်သဇင်


