
စစ်ကောင်စီအနေနဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေ အပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေး စက်ပစ္စည်းတွေရဲ့ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI) ကို အသုံးပြုပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register - CEIR) မှာ မှတ်ပုံတင်တဲ့စနစ်ကို မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဖုန်းအားလုံး မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ကြေညာချက်အရ အခွန်ကောက်ခံဖို့နဲ့ တရားမဝင် တင်သွင်းမှုတွေကို တားဆီးဖို့အတွက်လို့ ဖော်ပြထားပေမဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်အရ CEIR မှတ်ပုံတင်စနစ်က စောင့်ကြည့်ရေးယန္တရားတွေမှာ ပိုပြီး အကောင်အထည်ဖော်လာနိုင်တာ တွေ့ရှိရကြောင်း မြန်မာအင်တာနက်ပရောဂျက်က ထုတ်ပြန် သတိပေးထားပါတယ်။
မြန်မာအင်တာနက်ပရောဂျက်က ဒစ်ဂျစ်တယ်အခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က “စောင့်ကြည့်ရေးယန္တရားကို စစ်အုပ်စုက တည်ဆောက်ထားတာ လွယ်လွယ်ပြောရရင် အရပ်ထဲက စမတ်ကတ်လို့ ပြောနေကြတဲ့ UID ယူတဲ့ အချက်အလက်တွေ၊ ဆင်းမ်ကတ် မှတ်ပုံတင်ခိုင်းတဲ့ အချက်အလက်တွေ၊ နောက် တခြားသော national database ကို ဆောက်တဲ့ဟာတွေပေါ့၊ ဒီဟာတွေက တဖက်မှာတော့ အများပြည်သူရဲ့ အကျိုးအတွက်လို့ ပြောပေမဲ့ နောက်ကွယ်မှာ စောင့်ကြည့်ရေးယန္တရားအနေနဲ့ တည်ဆောက်တယ် ဆိုတာကို ကျနော်တို့ သံသယရှိတယ်။ အဲဒီလိုလုပ်နေတယ်လို့ ယူဆတယ်။ အဲဒီယူဆချက်တွေအတွက်လည်း ကျနော်တို့မှာ အထောက်အထားတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒါကို ပြောနေရတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ ဒစ်ဂျစ်တယ် သိနားလည်မှုကို မျက်ခြည်မပြတ် စဉ်ဆက်မပြတ် မြှင့်တင်ပါလို့ ကျနော်တို့အနေနဲ့ တိုက်တွန်းပါရစေ” လို့ ပြောပါတယ်။
CEIR မှတ်ပုံတင်စနစ်မှာ IMEI ထည့်သွင်းလိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အခြေအနေ ၅ ခုကို သတိထားဖို့ မြန်မာအင်တာနက်ပရောဂျက်က သတိပေးထားပါတယ်။
၁။ တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာခြင်း
စစ်ကောင်စီက ဆင်းကတ်တွေ မှတ်ပုံတင်ခိုင်းခဲ့စဉ်ကတည်းက နိုင်ငံသားမှတ်ပုံတင်နံပါတ်တွေနဲ့ E-ID ကို ပြုလုပ်ခဲ့ပြီးဖြစ်တဲ့အတွက် အခု IMEI မှတ်ပုံတင်ပြုလုပ်တဲ့အချိန်မှာတော့ ဆင်းမ်ကတ် (SIM-Card)၊ မှတ်ပုံတင်နံပါတ်နဲ့ IMEI တို့ ပေါင်းစပ်မိသွားပြီး သုံးစွဲသူကို အတိအကျ သိရှိသွားမှာလည်း ဖြစ်ပါတယ်။
၂။ အစုလိုက်အပြုံလိုက် စောင့်ကြည်ရန် လွယ်ကူလာခြင်း
CEIR အဖြစ် မှတ်ပုံတင်ထားရတာဖြစ်တဲ့အတွက် IMEI တွေက ဘယ်နေရာမှာ အများဆုံး စုဝေးနေပြီး ဘယ်ဖုန်းနံပါတ်နဲ့ အသုံးပြုနေတယ်ဆိုတဲ့ MetaData တွေ အလွယ်တကူ စုဝေးသွားနိုင်ပါတယ်။ ဒီအချက်အလက်တွေကို AI (သို့မဟုတ်) “Big Data Analysis” ကို အသုံးပြုပြီး ပစ်မှတ်ထား စောင့်ကြည့်သူတွအပေါ် ထောက်လှမ်းဖို့ လွယ်ကူသွားမှာဖြစ်ပါတယ်။
၃။ ပစ်မှတ်ထား ပိတ်ဆို့ရန် လွယ်ကူခြင်း
IMEI ကို အခြေပြုပြီး ပိတ်ဆို့မှုတွေ လုပ်လိုက်ရင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကွန်ရက်အတွင်းမှာ ဆက်သွယ်ရေးစနစ်တွေကို အသုံးပြုနိုင်တော့မှာမဟုတ်ဘဲ နောက်ထပ် မိုဘိုင်းဖုန်းတလုံး အသုံးပြုမယ် ဆိုရင်လည်း ကုန်ကျစရိတ် များလာနိုင်သလို ခြေရာခံစနစ်အရ ထပ်မံပိတ်ပင်ခံရနိုင်ခြေလည်း မြင့်မားပါတယ်။
၄။ မိုဘိုင်းဖုန်းအား ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်း
IMEI စနစ်နဲ့ မှတ်ပုံတင်တဲ့အခါ ဖုန်းရဲ့အမျိုးအစား၊ အမှတ်တံဆိပ် အပါအဝင် အခြား Hardware အမျိုးအစားတွေကိုပါ အလိုလျောက် သိမ်းဆည်းပြီးဖြစ်တဲ့အတွက် ဖုန်းအမျိုးအစားအလိုက် ထိုးဖောက်ဝင်ရောက်နိုင်တဲ့ Spyware တွေ ရှိနေမယ်ဆို အဝေးကနေ ပစ်မှတ်ထား စောင့်ကြည့်ခံရနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ပါတယ်။
၅။ ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်ခြင်း
IMEI မှတ်ပုံတင်အချက်အလက်တွေက မှတ်ပုံတင်သက်သက် မဟုတ်ဘဲ လူတယောက်ချင်းစီ ကိုယ်ရေးအချက်အလက် အစုအဝေး သိမ်းဆည်းထားတဲ့ ဒေတာဘေ့စ်လို ဖြစ်နေတဲ့အတွက် ဟက်ကာတွေရဲ့ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။ လုံခြုံရေးအားနည်းချက်ကြောင့် ဖောက်ထွင်း ဝင်ရောက်ခံရမယ်ဆိုရင် ငွေကြေးလိမ်လည်မှု (Scams) နဲ့ ကိုယ်ရေးအချက်အလက် ခိုးယူခံရမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။
Access Now - အာရှပစိဖိတ် မူဝါဒလေ့လာသုံးသပ်သူ မဝေဖြိုးမြင့်က “တဦးနဲ့တဦး ရင်ဆိုင်နေရတဲ့ အနေအထား သူတို့လုပ်တဲ့ အလုပ်အပေါ်မှာ မူတည်ပြီးတော့ တယောက်နဲ့ တယောက်တော့ မတူနိုင်ဘူးပေါ့နော်။ IMEI နံပါတ်ကြောင့်နဲ့ တချို့ကိစ္စတွေမှာ ဖြစ်နိုင်ပေမဲ့ ချက်ချင်းကြီးတော့ လူတကာကို လူတိုင်းကို တပြိုင်နက်တည်း remotely အဝေးကနေ ထိန်းချုပ်ပြီးတော့ အဲဒီဖုန်းထဲမှာ ရှိနေတဲ့ ဒေတာတွေ၊ အချက်အလက်တွေ၊ ဓာတ်ပုံလိုမျိုးတွေကို ကြည့်နိုင်တဲ့ အနေအထား မဟုတ်ဘူး ဆိုတာကို နားလည်ဖို့လိုပါတယ်။ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သက်လို့ လုပ်ကိုင်ပေးနေတဲ့၊ သင်တန်းပေးနေတဲ့၊ ဒါတွေနဲ့ပတ်သက်လို့ ထုတ်ပြန်နေတဲ့ မြန်မာအင်တာနက် ပရောဂျက်လို တောက်လျှောက်ရေးနေတာ ရှိပါတယ်။ အဲဒါမျိုးတွေကို လူထုအနေနဲ့ မီဒီယာတွေအနေနဲ့ ပြန်မျှဖို့ ဆိုတာကို ကျမတို့ အကြံပြုပါတယ်” လို့ ပြောပါတယ်။
ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေကိုလည်း မြန်မာအင်တာနက်ပရောဂျက်က ထုတ်ပြန် အသိပေးထားပါတယ်။
၁။ ဆင်းမ်ကတ်နဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုတာ၊ စာတိုပေးပို့တာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့နဲ့ ဝိုင်ဖိုင်ကတဆင့် Signal လို ဝှက်စာစနစ်ပါတဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြု ဆက်သွယ်ရန်၊
၂။ အရေးကြီးတဲ့ အချက်အလက် (ဓာတ်ပုံ၊ စာနဲ့ အဆက်အသွယ်) တွေကို ကိုယ့်ရဲ့ဖုန်းမှာ တိုက်ရိုက်မသိမ်းဘဲ လုံခြုံရေးကောင်းမွန်တဲ့ Cloud Storage တခုခုမှာ သိမ်းဆည်းရန်၊
၃။ လိုအပ်ချိန်မှာ Airplane Mode အသုံးပြုပြီး တာဝါတိုင်နဲ့ ယာယီအဆက်အသွယ် ဖြတ်တောက်တာ၊ လုံခြုံရေးအရ ပိုစိတ်ချမှုရှိစေဖို့ ခဲစက္ကူ (Aluminium Foil) တွေနဲ့ ထုပ်သိမ်းပြီး ဖုန်းနဲ့ တာဝါတိုင်အကြား အဆက်သွယ် ဖြတ်တောက်ရန်၊
၄။ IMEI မှတ်ပုံမတင်ထားတဲ့ မိုဘိုင်းကိရိယာကို ဆင်းမ်ကတ် ထည့်သွင်းအသုံးပြုတာ မရှိဘဲ စိတ်ချရတဲ့ ဝိုင်ဖိုင်နဲ့သာ ချိတ်ဆက်ပြီး အသုံးပြုရန်၊
၅။ အက်ပလီကေးရှင်းက တည်နေရာ တောင်းခံတာနဲ့ “Special permission” ကို မလိုအပ်ရင် ခွင့်မပြုရန်၊
၆။ အက်ပ်တခုခုကို လော့အင်ဝင်တဲ့အခါ Two Step Verification (2FA) အသုံးပြုတဲ့ နေရာမှာလည်း ဆင်းမ်ကတ် OTP ကို မသုံးဘဲ Google Authenticator လို လျှို့ဝှက်ကုဒ်နဲ့ စိတ်ချရတဲ့ နည်းလမ်းကို သုံးရန်၊
၇။ IMEI မှတ်ပုံမတင်ခင် ဖုန်းထဲက အရေးကြီးအချက်အလက်တွေကို လုံခြုံတဲ့နေရာမှာ ပြောင်းလဲ သိမ်းဆည်းပြီးမှသာ ဖုန်းအတွင်းက အချက်အလက်တွေကို အပြီးဖျက်ပစ်ပါရန်၊ (လက်ရှိ အသုံးပြုနေတဲ့ ဖုန်းတွေက အလိုအလျောက် မှတ်ပုံတင် ပြုလုပ်သွားမှာဖြစ်တာကြောင့် အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်ပါတယ်)
ဒါတွေအပြင်ကိုမှ…
၈။ Android ဖုန်းတွေမှာ လူတိုင်းဖတ်မရအောင် လျှို့ဝှက်ကုဒ်ပုံစံကို ပြောင်းတဲ့ (Encrypt) လုပ်ထားမထား စစ်ဆေးပြီး မလုပ်ထားဘူးဆိုရင် ပြုလုပ်ဖို့နဲ့ ဖုန်း Lock Screen ကို မဖြစ်မနေ Password အသုံးပြုရန်၊
၉။ လုံခြုံစိတ်ချရတဲ့ VPN တွေကိုပဲ အမြဲအသုံးပြုရန်၊
၁၀။ ကိုယ်သုံးနေတဲ့ “Device” တွေရဲ့ “Operating System OS” နဲ့ “Application” တွေကို အမြဲ “Update” လုပ်နေဖို့ လိုအပ်ပြီး Play Store (Android)/ App Store (iPhone) လို စိတ်ချရတဲ့ နေရာတွေကနေသာ “Application” တွေကို ထည့်သွင်းဖို့ လိုအပ်ကြောင်း သိရပါတယ်။
ဝေဝေ


