
အာဏာသိမ်းစစ်တပ်က ကျင်းပခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ကန့်ကွက်လွှာတင်ထားခဲ့တဲ့ အမှု ၂ မှုကို စစ်ကောင်စီဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့ပြီး စတင်ကြားနာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်၊၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နဲ့ ဇန်နဝါရီ ၂၅ ရက်တို့မှာ အပိုင်း ၃ ပိုင်းခွဲပြီး ပြုလုပ်ခဲ့တာပါ။
အဲ့ဒီထဲကမှ အပိုင်း ၁ နဲ့ ၂ တို့အတွက် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေက တင်သွင်းလာတဲ့ ကန့်ကွက်လွှာ ၂ မှုကို မတ် ၉ ရက်က စတင်ကြားနာစစ်ဆေးနေတာ ဖြစ်ပါတယ်။
ဒီအမှုတွေကို စစ်ဆေးဖို့အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တယောက်က ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ကျန်အဖွဲ့ဝင် ၂ ယောက်နဲ့ ရွေးကောက်ပွဲခုံအဖွဲ့ ၁ နဲ့ ၂ ဆိုပြီး ဖွဲ့စည်း စစ်ဆေးနေတာပါ။
ခုံအဖွဲ့ ၁ က ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဒေါက်တာကောင်းထက်ခိုင် တင်သွင်းထားတဲ့ ကန့်ကွက်လွှာအမှုကို စစ်ဆေးသွားမှာဖြစ်ပြီး အဖွဲ့ ၂ ကတော့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းကြူ တင်သွင်းထားတဲ့ ကန့်ကွက်လွှာအမှုကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ ကြိုတင်မဲတွေနဲ့ အနိုင်ရရှိခဲ့မှုအပေါ် ကျန်နိုင်ငံရေး ပါတီတွေက ကန့်ကွက်လွှာ တချို့ တင်သွင်းထားပေမဲ့ စစ်ဆေးခြင်းတော့ မရှိသေးပါဘူး။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


