
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းအတွင်းရှိ စာစစ်ဌာနပေါင်း ၁၁၁ ခုမှာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၉,၂၂၇ ယောက်ရှိကြောင်း တိုင်းပညာရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီနေ့ မတ် ၁၁ ရက်မှာ ပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းမှ စာစစ်ဌာန ၁၁၁ ခုမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀,၀၀၀ နီးပါး ဝင်ဖြေတယ်လို့ တိုင်းပညာရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ဒီနှစ် ရန်ကုန်မှာ ဝင်ဖြေတဲ့သူ ၅၀,၀၀၀ နီးပါးရှိတယ်။ အတိအကျပြောရရင် ၄၉,၂၂၇ ယောက် ရှိတယ်။ မနှစ်ကထက် ဖြေတဲ့သူ တိုးလာတယ်။ မနှစ်က ၄၀,၀၀၀ နီးပါးပဲရှိတာ။”
ဆက်လက်ပြီး သူက “ဒီနှစ်စာမေးပွဲက အရင်နှစ်ကနဲ့မတူဘူး၊ စည်းကမ်းတင်းကျပ်မှုတွေ ရှိတယ်။ ဖုန်းတွေ ဂဏန်းပေါင်းစက်တွေ အီလက်ထရောနစ်ပစ္စည်းတွေ ယူလာရင် စာမေးပွဲဖြေဆိုခွင့် တနှစ် နားမယ်။ စာခိုးချတာ မိရင် စာမေးပွဲဖြေခွင့် ၂ နှစ်နားမယ်။ အဖြေလွှာကို ဖြဲတာ၊ အခန်းစောင့် ဆရာမကို ဆဲဆိုရင်၊ အဖြေလွှာမှာ ညစ်ညမ်းတဲ့စာတွေ ရေးရင် ၃ နှစ် နားရမယ်။ စည်းကမ်းချက်တွေကိုတော့ စာမေးပွဲမဖြေခင် အခန်းစောင့်ဆရာမက ဖတ်ပြတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ရန်ကုန်တိုင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ဦးရေ ၃၇,၄၆၇ ယောက် ရှိခဲ့ပြီး ၁၉,၃၆၆ ယောက် အောင်မြင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာစစ်ဌာန ၈၉၀ ခုမှာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း ၂၆၅,၀၀၀ ကျော်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


