
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ မတ် ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသလို ဒေသခံရွာသားတချို့လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲဟာ ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအုပ်စုထဲက ပုံဝိုးကျေးရွာနဲ့ ကွမ်ဟင်ကျေးရွာ အနီးမှာ ဖြစ်ပွားခဲ့တာလို့ SSPP Info ဘက်က ထုတ်ပြန်ထားပါတယ်။
ပုံဝိုးကျေးရွာနားက SSPP တပ်စခန်းဘက်ကို နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီခြေမြန် တပ်ရင်း ခမရ ၁၁၅ က အင်အား ၁၀၀ လောက်နဲ့ ထိုးစစ်ဝင်လာပြီး ပစ်ခတ်မှု စတင်ရာ ကနေ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တိုက်ပွဲက တနာရီကျော်လောက် ကြာခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံသတင်းရင်းမြစ်တယောက်က “ပုံဝိုးကျေးရွာနားက SSPP တပ်စခန်းဘက်ကို စစ်ကောင်စီ တပ်တွေ အင်အားနဲ့ ဝင်လာပြီး ပစ်ခတ်မှု စတင်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်သွားတာပါ။ SSPP ဘက်ကတော့ ၂ ဦး ဒဏ်ရာရတယ်။ အခု စစ်တပ်ဘက်က ပုံဝိုး၊ ကွမ်ဟင်၊ တော်လေ၊ လေလွယ်ရွာဘက်တွေမှာ အင်အားတွေ ထပ်တိုးချထားလို့ အခြေအနေကတော့ တင်းမာနေဆဲပါ” လို့ ပြောပါတယ်။
စစ်ရေးတင်းမာမှုတွေကြောင့် ပုံဝိုးကျေးရွာအနီးက ဒေသခံရွာသားတချို့ဟာ နောက်ထပ် တိုက်ပွဲ ဖြစ်လာနိုင်မလား ဆိုပြီး စိုးရိမ်တာကြောင့် နီးစပ်ရာ ကျေးရွာတွေ၊ ဘေးလွတ်ရာ နေရာတွေကို ယာယီ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
နောက်ဒေသခံတယောက်ကလည်း “တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်တွေ အင်အား ထပ်တိုးလာ တာကြောင့် ရွာသားတချို့က စိုးရိမ်ပြီး တခြားနေရာတွေကို ခဏတိမ်းရှောင်သွားကြပါတယ်” လို့ ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီက မတ် ၁၁ ရက် မနက်ပိုင်းအထိ တရားဝင် ထုတ်ပြန် ထားတာ မရှိသေးဘူးလို့ သိရပါတယ်။


