
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ကောင်းဆင့်ရွာအနီးမှာ မတ် ၉ ရက် မနက်က စတင်ပြီး မတ် ၁၀ ရက်အထိ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ယင်းမာပင်မြို့ထဲကနေ မတ် ၉ ရက် မနက်အစောပိုင်း ၄ နာရီ က စတင်ပြီး စစ်ကြောင်းထိုးလာတာလို့လည်း သိရပါတယ်။
ကောင်းဆင့်ရွာသားတယောက်က “တိုက်ပွဲစတာက မနက်ခင်း ၉ နာရီလောက်က စဖြစ်တာ။ တနေကုန် ဖြစ်နေကြတာ။ စစ်တပ်ဘက်က ဒရုန်းတွေနဲ့ ကြဲချ တိုက်ခိုက်နေတာ။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြတာပဲ။ အသေအဆုံးကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကောင်းဆင့်ရွာ၊ နှောရိုးရွာ၊ တမာပင်ဂွရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရပြီး ကုလားပဲ၊ ဂျုံနဲ့ ရာသီပေါ်သီနှံတွေ မရိတ်သိမ်းနိုင်ကြဘဲ ဖြစ်နေတယ် လို့လည်း သိရပါတယ်။
ဒေသတွင်း တော်လှန်ရေးခေါင်းဆောင်တယောက်က “စစ်တပ်ဘက်ကတော့ အကျအဆုံးများတယ်။ ၁၂၀ မမ ပြောင်းကွဲလို့ စခတွေ သေဆုံးတယ်လို့လည်း သိထားရတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိသေးဘူး။ စစ်ရေးကတော့ နှစ်ဖက် တင်းမာနေဆဲပါပဲ” လို့ ပြောပါတယ်။
အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကောင်းဆင့်ရွာဟာ စစ်တပ်စိုးမိုးနယ်မြေဖြစ်တဲ့ ယင်းမာပင်မြို့ အရှေ့ဘက် ၂ မိုင်နီးပါးခန့် ကွာဝေးပြီး ယင်းမာပင်မြို့နဲ့ ညောင်ပင်ကြီးသွား ကားလမ်းမပေါ်မှာ တည်ရှိတဲ့ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာအနီးမှာ တရုတ်စီမံကိန်းတွေရှိတဲ့ စပယ်တောင် ကြေးနီစီမံကိန်း၊ ဝမ်ပေါင် လက်ပံတောင်းတောင် စီမံကိန်းတို့နဲ့ နီးကပ်တယ်လို့လည်း သိရပါတယ်။


