
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ အလယ်ပိုင်းရွာမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၀ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက တကူတိုက်နယ်၊ အလယ်ပိုင်းရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရွာသားတွေ တံတားလုပ်ဖို့ လူစုနေချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာချပြီး စက်သေနတ်နဲ့ လာပစ်သွားတယ်။ ဗုံးချချိန်မှာ အမျိုးသား ၂ ဦး သေတယ်။ စက်သေနတ်နဲ့ ပစ်တဲ့ အချိန်မှာ အမျိုးသမီးတဦး သေတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၄၀ နဲ့ ၅၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး တယောက် ပါဝင်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ ၃ ယောက်စလုံးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိပြီး ခြေနဲ့လက်တွေမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်မှာ ကူညီပေးသူတွေက ပြောပါတယ်။
တနင်္သာရီတိုင်းရှိ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တွေမှာ စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။


