Home
မြန်မာသတင်း
မောင်တောတွင် ARSA တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦးပျောက်နေ
DVB
·
March 10, 2026
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၂ ရက်က စေတီပြင်ရွာတွင် ARSA အဖွဲ့ရဲ့ ပစ်ခတ်ခံခဲ့ရသည့် ခရီးသည်တင်ကား။ (Photo - AA)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေလာတောင်ကျေးရွာအနီးမှာ မတ် ၈ ရက် မနက် ၁၁ နာရီလောက်က ကြိမ်ချောင်းဈေးကနေ ပြန်လာတဲ့ ထော်လာဂျီတစီးကို မတ် ၈ ရက် မနက်ပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တပ် ARSA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ယောက် သေဆုံးပြီး တယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောင်တောမြောက်ပိုင်း ဒေသခံတယောက်က “ကြိမ်ချောင်းကနေ ဈေးဝယ်ပြီး ပြန်လာတဲ့ ထော်လာဂျီတစီးကို ARSA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အမျိုးသား ၂ ဦး သေဆုံးပြီးတော့ နောက်ထပ်တဦးလည်း ပျောက်နေတယ်လို့ ကျနော်တို့ သိထားရတယ်။ ဝေလာတောင် အနီးပတ်ဝန်းကျင်ဟာ ARSA တွေ အဓိကလှုပ်ရှားတဲ့နေရာ ဖြစ်တာကြောင့် ဒေသခံတွေ သွားလာဖို့ အရမ်းကို အန္တရာယ်ကြီးတဲ့ နေရာလည်းဖြစ်တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ထော်လာဂျီဟာ ဝေလာတောင်အနီးရှိ ကျေးရွာတွေအတွက် စားသောက်ကုန်တွေကို ကြိမ်ချောင်းဈေးကနေ လာဝယ်ကြတာဖြစ်ပြီး အပြန်လမ်းမှာ ARSA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ DVB က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မတ် ၉ ရက်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွားသား ၆ ယောက်ကို မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနက ဖော်ပြပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့က ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဓိက ချုံခိုတိုက်ခိုက်လေ့ရှိသလို နောက်ထပ် မွတ်ဆလင်လက်နက်ကိုင်တွေဖြစ်တဲ့ ARA၊ RSO၊ RIM အဖွဲ့တို့ဟာလည်း နယ်စပ်မှာရှိတဲ့ AA ရဲ့ တပ်စခန်းတွေကို မကြာခဏ တိုက်ခိုက်နေပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ ချုံခိုတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် နယ်စပ်တည်ငြိမ်မှုမရှိလို့ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေးလည်း ကျဆင်းလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၄ ရက်က ထုတ်တဲ့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ အစီရင်ခံစာအရ ရခိုင်မှာ ၂၀၂၃ ခု နိုဝင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆၂ ယောက် သေဆုံးကာ ၂၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့စည်းထားကြတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး စစ်ကောင်စီရေတပ်ကနေတဆင့် လက်နက်ထောက်ပံ့နေတယ်လို့ HDCO က ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013