
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက် ချောင်းကြီးဘုန်းတော်ကြီးကျောင်းမှာ မတ် ၈ ရက် မနက် ၁၁ နာရီက ရေကန်ဖောင်ဒေးရှင်း တူးရာက ရှေးဟောင်းဘုရားဆင်းတုတော် ၅၁ ဆူနဲ့ ရှေးဟောင်းခဲဒင်္ဂါးတွေ တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ရေကန်ဆောက်ဖို့ ဖောင်ဒေးရှင်းတူးနေတုန်း ၃ ပေလောက်အရောက်မှာ တွေ့တာ၊ ဆင်းတုတော်တွေ အားလုံး စဥ့်အိုးထဲမှာထည့်ထားတာ၊ ငွေဘုရား၊ ကြေးဘုရားလေးတွေ စုစုပေါင်း ၅၂ ဆူ၊ ပြီးတော့ ရှေးဟောင်းခဲဒင်္ဂါးပြား ၇ ပြားလည်း တွေ့တယ်။”
တွေ့ရှိခဲ့တဲ့ ဘုရားဆင်းတုတော်တွေမှာ ငွေထည်အပြားခတ်အတွင်း ထိုင်တော်မူဆင်းတုတော် ၃၉ ဆူ၊ ရှေးဟောင်းကြေးထည်ထိုင်တော်မူ ၈ ဆူ၊ ရှေးဟောင်းကြေးထည်ရပ်တော်မူ ၂ ဆူ၊ ရှေးဟောင်း ကြေးထည်နဂါးရုံဘုရား ၁ ဆူနဲ့ ရှေးဟောင်းသစ်သားပန်းပုထိုင်တော်မူ ၁ ဆူ စုစုပေါင်း ၅၁ ဆူ ဖြစ်ပါတယ်။
အရွယ်အစားတွေကတော့ ၃ လက်မမှ ၁၂ လက်မအတွင်းရှိပြီး ရှေးဟောင်းခဲဒင်္ဂါးပြား ၇ ပြားလည်း တွေ့ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ခဲဒင်္ဂါးမှာပါတဲ့ စာအရ ရှေးယခင် တနင်္သာရီ လူမျိုးသုံးခဲ့တဲ့ ဒင်္ဂါးတွေပါ။ ဘုရားတွေကလည်း အဲ့ခေတ်က ဘုရားတွေပါ။ နှစ်ပေါင်းအတော်ကြာပါပြီ။ လက်ရှိတော့ ချောင်းကြီးဘုန်းကြီးကျောင်းမှာပဲ ဘုရားဆင်းတုတော်တွေကို ပူဇော်ထားတယ်။”
လတ်တလောမှာ ငွေထည်၊ ကြေးထည် ဘုရား ၅၁ ဆူကို ကျောင်းကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ပဏ္ဏိစရဲ့ သြဝါခံယူကာ ကျောင်းတိုက်အတွင်း ပူဇော်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလကလည်း တနင်္သာရီမြို့နယ် မြို့ဦး ပရိယတ္တိကျောင်းမှာ ဆွမ်းစားဓမ္မာရုံ ဆောက်လုပ်ဖို့ မြေတူးစဉ် ငွေစလွယ်၊ လက်ပတ်၊ ခြေချင်း လက်ဝတ်ရတနာ အမျိုးအစား ၄၀ ကျော်နဲ့ ဆံထိုး၊ လက်စွပ်၊ နားကပ် အစရှိတဲ့ ရွှေထည်ပစ္စည်း ၂၄ မျိုးတို့ကို ရရှိခဲ့ပါတယ်။
Photo-CJ


