Home
မြန်မာသတင်း
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦး ရှေးဟောင်းဘုရားနှင့် သာသနိက အဆောက်ဦများ ပျက်စီး
DVB
·
December 14, 2023
Myauk U pagoda destroyed by SAC_14122023

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ဒီဇင်ဘာလ ၁၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရှေးဟောင်းသမိုင်းဝင် ဘုရားတဆူနဲ့ သာသနိက အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့ သကျမာရ်အောင်တောင်တန်းနားမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မနေ့ညနေ ၄ နာရီ ၂၈ မိနစ်မှာ  စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးဟာ စက်သေနတ်တွေနဲ့ နာရီဝက်လောက် အဆက်မပြတ်  ပစ်ခတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့  မြောက်ဦးမြို့ခံက ပြောပါတယ်။

ရဟတ်ယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ ရှေးဟောင်းအမွေအနှစ် သမိုင်းဝင် ဘုရားတဆူ ဖြစ်တဲ့ ရတနာ့မာရ်အောင်ဘုရားမှာ စက်သေနတ်ကျည်ထိမှန်ကာ ပဲ့ထွက်သွားပြီး ဘုရားသိမ်တော်နဲ့ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ရတနာ့မာရ်အောင်ဘုရားက မြို့ထဲဘက်မှာ ရှိတာပါ။ တိုက်ပွဲဖြစ်တဲ့ ဧရိယာနဲ့လည်း အဝေးကြီးပဲ။ စစ်ကောင်စီဘက်က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ အဲဒီတိုက်ခိုက်ရေး ရဟတ်ယာဥ်ဟာ ၄ နာရီ ၅၀ မိနစ်လောက်မှာ စစ်တွေဘက်ကို ပြန်လှည့်လာပြီး ၅ နာရီ ၇ မိနစ်မှာ ဆတ်သွားကျေးရွာ သင်္ဘာဆိပ်နားနဲ့ ၅ နာရီ ၁၀ မိနစ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ညောင်ပင်လယ်ရွာနားမှာလည်း စက်သေနတ်တွေနဲ့ ပစ်ခတ်ပြီး ၅ နာရီ ၁၈ မိနစ်မှာ ခလရ  ၂၀ ကို ပြန်လည်ဆင်းသက်ခဲ့တယ်။”

စစ်ကောင်စီက ရဟတ်ယာဥ်ပစ်ခတ်မှုတွေကြောင့် ဘုရားတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့  မြို့ခံ နောက်တဦးကလည်း ပြောပါတယ်။

“လူတွေတော့ ထိခိုက်တာတွေ မကြားရသေးဘူး။ ရတနာမာန်အောင် စေတီနဲ့ သိမ်မှာတော့ ကျည်တွေထိပြီး ပျက်စီးမှုအနည်းငယ် ရှိတယ်။ အခု မြို့ခံတွေကတော့ စိုးရိမ်မှုတော်တော်လေးကို မြင့်တက်နေတယ်။”

မြောက်ဦးမြို့ဟာ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်း ယူနက်စကို ဝင်နိုင်ဖို့ ၂၀၁၉ ခုနှစ်ကတည်းက ကြိုးပမ်းနေတဲ့ ရှေးဟောင်းနယ်မြေတခုလည်း ဖြစ်ပါတယ်။

မြောက်ဦးမြို့ အလယ်ဈေးတံတားအနီး မြို့အဝင်မှာလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့  တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“စစ်ကောင်စီစစ်ကြောင်းက မြို့ပြင်အထွက်မှာ ရက္ခိုင့်တပ်တော်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကြတာလို့ သိရတယ်။ အဲဒီမှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လာပစ်တာ။ အထိအခိုက်တော့ မသိရသေးဘူး။” 

အဲဒီတိုက်ပွဲဖြစ်ပွားပြီးနောက် မြောက်ဦးမြို့၊ ရွှေတောင်တောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒ့ါအပြင် စစ်ကောင်စီက ရဟတ်ယာဉ်တစီးနဲ့ မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရား၊ ခေါင်းပုံတောင်ကွင်းနဲ့ မြို့ဝင်ဝအနီး တောင်တန်းတွေကို ပစ်ခတ်ခဲ့တယ်လို့ ​မြို့ခံတွေက ပြောပါတယ်။

မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာက စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တချို့ကို အေအေက ဖမ်းဆီးခဲ့သလို ဒီဇင်ဘာ ၆ ရက်ကလည်း မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်တံတားအနီးမှာ စစ်ကောင်စီ စစ်ကြောင်းတခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းခွန်းကတော့ မြောက်ဦးမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ် ဘုရားစေတီတွေကြားထဲမှာ အေအေက ခံကတုတ်တွေ၊ ယာယီနေရာတွေပြုလုပ်ပြီး ပစ်ခက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် ပါဝင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးခဲ့ပေမဲ့ ​ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013