Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့်  ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်  
DVB
·
August 27, 2024

တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာထဲကို သြဂုတ် ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးဝင်လာတာကြောင့်  ဒေသခံတွေ ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မြေပြင်ရဲဘော်တွေနဲ့  ဒေသခံတွေထံက  သိရပါတယ်။

ဘန်လောကျေးရွာအုပ်စု၊ ခြောက်မိုင်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီးတော့  ထိုးဖောက်ဝင်ရောက်လာပြီး လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက် စစ်ရေးတင်းမာနေကြတယ်လို့ ကျေးရွာနေပြည်သူတဦးက ပြောပါတယ်။

စစ်ကြောင်းဝင်လာတဲ့နေ့ကတည်းက ၆ မိုင်ရွာမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေက တိုက်ပွဲပြင်းထန်လာနိင်တဲ့အတွက် ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ကုန်ကြပြီလို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

“စစ်ကြောင်းက ရွာအလယ်ပိုင်းထဲကိုတောင် ရောက်နေပြီ။ အခုရွာအောက်ပိုင်းမှာရှိတဲ့ လူတွေတော့ အကုန်ပြောင်းရွှေ့သွားကြပြီ။ စစ်ကြောင်း ဝင်မလာခင်တည်းက သတင်းကရထားပြီးသားပါ။ အခုက နှစ်ဖက်စလုံးက အနီးကပ်ဖြစ်လာပြီ။ စစ်တပ်က အခုရွာအလယ်ပိုင်းနားက အိမ်တွေမှာ တပ်စွဲထားတယ်။” 

တနင်္သာရီမြို့နယ်မှာ အခုလအတွင်း စစ်တပ်ရဲ့ လေကြောင်းကနေ မကြာခဏဗုံးကြဲတိုက်ခိုက်တာခံနေရတဲ့ ကျေးရွာတွေထဲမှာ အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ ခြောက်မိုင်ရွာလည်း ပါတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းက သြဂုတ် ၂၅ ရက် မနက်တည်းက ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကနေ ထုံတော်ရွာကို ဝင်ရောက်နေထိုင်ပြီးမှ သြဂုတ် ၂၆ ရက်မှာ ခမရ ၅၆၁ တပ်ရင်းနဲ့ဆို ၃ မိုင်သာဝေးတဲ့ ခြောက်မိုင်ကျေးရွာထဲကို ထိုးဖောက်ဝင်ရောက်လာတာလို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

စစ်ကြောင်းက ခြောက်မိုင်ရွာထဲမဝင်လာခင် သြဂုတ် ၂၅ ရက် ညနေပိုင်းမှာ ခမရ ၅၆၁ တပ်ရင်;ကနေ လက်နက်ကြီးတွေနဲ့  ခြောက်မိုင်ကျေးရွာဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွာသားတွေ အထိအခိုက်တော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

လက်ရှိအခြေအနေအရ ခြောက်မိုင်ရွာမှာ စစ်ကောင်စီက ရွာအလယ်ပိုင်းထိကို ဝင်ရောက်ခြေကုပ်ယူထားပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း စစ်ရေးပြင်ဆင်ထားကာ တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့  မြေပြင်ရှိရဲဘော်တဦးက ပြောပါတယ်။

သြဂုတ် ၂၄ ရက်ကလည်း စစ်ကောင်စီရဲ့ ခမရ ၅၅၇ တပ်ရင်းနဲ့ ဗိုလ်ချုပ်ကြေးရုပ်တုအနီးတောင်ပေါ်က တပ်စခန်းအပါအဝင် တနင်္သာရီတံတားစစ်ဆေးရေး တို့ကို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတွေကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး အရာရှိတယောက် သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်ပူးပေါင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013