Home
မြန်မာသတင်း
မောင်တောတိုက်ပွဲတွင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး ၁၀၀ ကျော် သင်္ဂြိုဟ်ပေးခဲ့ဟု AA ထုတ်ပြန်
DVB
·
August 27, 2024
Photo - AA Info Desk

ရခိုင်ပြည်နယ်၊ မောင်တောမြို့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ အလောင်း ၁၀၀ ကျော်ကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သြဂုတ် ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မောင်တောမြို့တိုက်ပွဲမှာ သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ အပေါင်းအပါ အလောင်း ၁၀၀ ကျော်ကို လက်နက်ခဲယမ်းတွေနဲ့ အတူ သိမ်းဆည်းရမိကာ  စစ်သုံ့ပန်းတချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်နေရာတွေမှာ ဖမ်းဆီးရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်ပြီး AA က ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးမလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ဒါ့အပြင် မောင်တောမြို့၊ အမှတ် ၂ ရပ်ကွက်၊ ဖေဇီရွာ နဲ့ မောင်နီရွာထဲက အဆင့်ဆင့် ခုခံစစ်ဆင်နွှဲနေခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားတဲ့ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်တွေရဲ့ ခံစစ်နေရာ အများစုကို အာရက္ခတပ်တော်က တခုပြီးတခု သိမ်းပိုက်ရရှိထားခဲ့ပြီလို့ ဆိုပါတယ်။

တပြိုင်နက်တည်းမှာ လက်နက်ကိုင်ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံ ချေမှုန်းနေသလို လက်ကျန်ခံစစ်စခန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေတာကြောင့် မောင်တောမြို့ရဲ့ တခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေ​ကြောင်း AA က ထုတ်ပြန်ထားတာပါ။

လက်ရှိမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ARSA,RSO,ARA နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပေါ် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊ Y12 ဗုံးကြဲလေယာဥ်တွေနဲ့ နေ့စဥ်လာရောက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အလားတူ သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ် ကျေးရွာတွေအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် စစ်ကောင်စီက စစ်သင်္ဘော ၈ စီးနဲ့ ရေကြောင်းကနေ တိုက်ပွဲ ဖြစ်ပွားရာနေရာတွေကို လက်နက်၊ လူအင်အား ဖြည့်တင်းတာအပြင် လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော် သတင်းနဲ့ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013