မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို “Give to Gain” (အတူတကွ ပံ့ပိုးလို့၊ ညီမျှမှုကိုရယူစို့) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ခမ်းမိုင်က “ဒီ ချင်းမိုင်အသိုက်အဝန်းမှာရှိတဲ့ အဖွဲ့အစည်းတွေပေါ့နော်၊ CSO for Gender Equality ဆိုတဲ့ Network ရှိတယ်ပေါ့နော်။ ဒီချင်းမိုင်မှာရှိတဲ့ CSO အဖွဲ့အစည်းတွေ တော်တော်များများပေါ့နော်။ ဒီနှစ်မှာဆိုရင်တော့ ၂၃ ဖွဲ့ရှိတယ်။ SWAN အပါအဝင်ပေါ့နော်။ အဲ့မှာ SWAN လည်းရှိတယ်၊ WLB လည်းရှိတယ်၊ MAP Foundation တို့ပေါ့နော်။ ပြီးရင်လည်း ဒီ LGBTQ နဲ့ပတ်သက်တဲ့ အလုပ်လုပ်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်ပေါ့နော်။ ထိုင်းကအဖွဲ့အစည်းတွေ Migrant Worker အဖွဲ့အစည်းတွေလည်း ပါတယ်ပေါ့နော်။ အဲဒီအဖွဲ့အစည်းတွေ စုပေါင်းပြီးတော့မှ ကျမတို့ နှစ်တိုင်း နှစ်တိုင်းတော့ လုပ်ဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
ဒီပွဲမှာတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လှုပ်ရှားမှုပြခန်းတွေကို ခင်းကျင်းပြသခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့သလို အမျိုးသမီးတွေနဲ့ လူနည်းစုအုပ်စုတွေရဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဖြစ်တဲ့ မဝေက “ဒီလိုပွဲမျိုးတွေက အမျိုးသမီးတွေအတွက် ကျမတို့ အင်မတန်အရေးကြီးတဲ့ အမှတ်တရနေ့၊ အထိမ်းအမှတ်နေ့တခု ဖြစ်တယ်။ ဒီလိုနေ့တွေကို အမျိုးသမီးတွေတင်မကပေါ့နော်၊ ကျမတို့ အားလုံးကနေပြီးတော့ ဂုဏ်ယူစွာနဲ့ ဆင်နွှဲကြဖို့ လိုအပ်တယ်။ များသောအားဖြင့် ကျမတို့နိုင်ငံမှာက အမျိုးသမီးအခွင့်အရေးကို အလေးထားခြင်းမရှိဘူး။ အမျိုးသမီးတွေကို အလေးထားပြီးတော့ တန်ဖိုးထားပြီးတော့ နေရာပေးခြင်းတွေကို မရှိဘူး။ အထူးသဖြင့် အမျိုးသမီးတွေကို ဆိုလို့ရှိရင် အိမ်မှုကိစ္စနဲ့ အိမ်ထောင်တာဝန်တွေကို ထမ်းဆောင်တဲ့သူတွေအဖြစ်ပဲ မြင်ကြတယ်။ အမျိုးသမီးတွေကို ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍတွေမှာ ပါဝင်ဖို့ ဆိုလို့ရှိရင် အခုအချိန်ထိ အကန့်အသတ်တွေ ရှိနေဆဲပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးအခွင့်အရေးဟာလည်း လူ့အခွင့်အရေးပဲဖြစ်တယ်။ အမျိုးသမီးတွေဟာလည်း လူသားတွေဖြစ်တဲ့အတွက် တန်းတူအခွင့်အရေး ရရှိသင့်တယ်။ ဂျန်ဒါတန်းတူရေး ရရှိဖို့ဟာ အင်မတန်အရေးကြီးတယ်။ ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍတွေမှာ အမျိုးသမီးတွေဟာ ပါဝင်ဖို့ ထိုက်တန်တယ်၊ ပါဝင်ခွင့်ရရှိသင့်တယ်။ အဲဒါတွေအတွက် အဟန့်အတားဖြစ်နေတာတွေကို မီးမောင်းထိုးပြနိုင်တဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
နှစ်စဉ် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ကမ္ဘာတဝန်းမှာ ကျင်းပကြပြီး လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး စတဲ့ ကဏ္ဍအသီးသီးမှာ ထူးချွန်စွာ ပါဝင်လုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုကြသလို ကျား၊ မ တန်းတူညီမျှစေရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့နဲ့ သာတူညီမျှမှုကို အရေးယူဆောင်ရွက်ဖို့ နှိုးဆော်တိုက်တွန်းမှုတွေကိုလည်း လုပ်ဆောင်ကြပါတယ်။

















