
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေရဲစခန်းအနီး ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်ရှိ ချိန်ကင်းရွှေဆိုင်ကို မတ် ၈ ရက် မနက် ၉ နာရီက ရဲအယောင်ဆောင်ပြီး အမျိုးသားတယောက်က ဝင်ရောက်လုယက်ဖို့ ကြိုးစားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့မနက်က ချိန်ကင်းရွှေဆိုင်က ဖုန်းနံပါတ်ကို ဆက်သွယ်ကာ ရွှေတုတွေ သိမ်းဆည်းဖို့ဆိုပြီး ရဲအယောင်ဆောင်ထားတဲ့ အမျိုးသားတယောက် ရောက်လာကာ ဆိုင်ဝန်ထမ်း အမျိုးသမီးကို လက်ထိပ်ခတ်ပြီး ရွှေထည်လုယူဖို့ ပြင်ဆင်နေစဥ် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး အပြင်ကိုထွက် အော်ဟစ်အကူအညီတောင်းခဲ့လို့ ရွှေတွေ ပါမသွားကြောင်း ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။
“ဆိုင်က ဖုန်းနံပါတ်ကို ဆက်ပြီး တာမွေရဲစခန်းကပါ၊ ရွှေတုတွေရောင်းလို့ လာစစ်မယ်ဆိုပြီး ဆိုင်ရောက်တော့ ဝန်ထမ်းကောင်မလေးကို လက်ထိတ်ခတ်ထားတယ်။ ပြီးတော့ ရွှေထည်ပစ္စည်းတွေ သိမ်းဖို့လုပ်နေတဲ့အချိန် ကောင်မလေးက မသင်္ကာလို့ အပြင်ကိုထွက်ပြီး အကူအညီတောင်းတော့ ထွက်ပြေးသွားတယ်။ ရွှေတွေတော့ ပါမသွားဘူး။”
ရွှေဆိုင်ဘက်က ရဲအယောင်ဆောင်ပြီး ဝင်ရောက်လုယက်ဖို့ ကြိုးစားသူကို တာမွေမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်နဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“အဲဒီရွှေဆိုင်က မနှစ်ကလည်း ဒီလိုပဲ အလုခံရတယ်။ အဲဒီတုန်းက ရွှေဆိုင်နဲ့ ရပ်ကွက်နဲ့ ပေါင်းပြီး ဖမ်းတာ မိတယ်။ တရားခံကို ရဲစခန်းကို အပ်လိုက်တယ်။ ဒါပေမဲ့ ရဲစခန်းက အမှုမတည်ဆောက်ဘဲ ခြေချုပ်ခံဝန်နဲ့ ပြန်လွှတ်လိုက်တယ်။”
ရဲစခန်းအနီးမှာ ရွှေဆိုင်ဖွင့်ထားပေမဲ့ ၂ ကြိမ်တိုင်အောင် လုယက်ခံရတဲ့ ချိန်ကင်းရွှေဆိုင်အနေနဲ့ ထပ်မံလုယက်ခံရမှာ စိုးရိမ်နေတယ်လို့လည်း သူက ရှင်းပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မှာ လူသတ် လုယက်မှု ၁၅၁ မှု၊ လုယက်မှု ၁၄၃ မှု အပါအဝင် ရွှေဆိုင်ဓားပြတိုက်မှု ၁၇ မှု ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


