
မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးတကြီးပေးဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ တိုက်တွန်းခဲ့ကြောင်း အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ထရီဇာ လာဇာရိုက သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒေသစံတော်ချိန် မတ် ၆ ရက်က နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇာရိုဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ပထမဆုံးအကြိမ် တက်ရောက် အစီရင်ခံ တင်ပြရတာပါ။
ဒီအစည်းအဝေးမှာ မြန်မာ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်တရပ်ကို ဖော်ဆောင်နိုင်ဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်တိုးမြှင့်ဖို့ကိုလည်း မစ္စ လာဇာရိုက တိုက်တွန်းခဲ့ပြီး အာဆီယံရဲ့ မြန်မာဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံအရေးကိစ္စမှာ ဦးဆောင်အဆိုပြုသူဖြစ်တဲ့ ဗြိတိန်နိုင်ငံက မြန်မာ့အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့နဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ဖြစ်သူတို့ ၂ ယောက် ဆီကနေ နောက်ဆုံးရရှင်းလင်းတင်ပြချက်ကို နားကြားဖို့အတွက် အစည်းအဝေးခေါ်ယူဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။


