
ဖောင်း .....ဖောင်း.....ဖောင်း။ သေနတ်ပစ်ခတ်လိုက်တဲ့ အသံကြောင့် မန်းကျော်တယောက် သားဖြစ်သူ အိပ်နေတဲ့ ခြင်ထောင်ထဲကို အပြေးတပိုင်း ဝင်သွားလိုက်တယ်။ လူနေအိမ်တွေနဲ့ တခေါ်စာလောက်ဝေးတဲ့နေရာမှာ မန်းကျော်တို့ သားအဖတွေနေကြတယ်။ သူတို့အိမ်လေးက နေ့ဘက်ဆို ခြံထဲအလုပ်ဆင်းကြတဲ့သူတွေ ခဏနားခိုရာနေရာပါ။ ညဘက်ဆိုရင်တော့ သူတို့သားအဖနှစ်ယောက်ထဲပဲ ရှိကြတယ်။
မိုးကြီး၊ လေကြီးကျတဲ့ ညတွေမှာဆို သားဖြစ်သူက အကြောက်ကြီး ကြောက်နေတတ်တယ်။ အဲဒီလို မိုးကြီးလေကြီးကျတဲ့ ညတွေဆို သားဖြစ်သူက တနယ်တကျေး ရောက်နေကြတဲ့ သူ့အစ်ကိုကြီးတွေကို ညတွင်းချင်း အိမ်ပြန်လာဖို့ ခေါ်ပေးပါလို့ ငိုယိုပြီးပြောတတ်တယ်။ မနက်မိုးလင်းလို့ မိုးတိတ်သွားချိန်ဆိုရင်တော့ စိတ်ပြေလက်ပျောက် ဖြစ်သွားတာပါပဲ။
မန်းကျော်မှာ သားငါးယော က်ရှိတယ်။ အခု မန်းကျော်နဲ့ နေတာ အငယ်ဆုံးသား။ အငယ်ဆုံးသားက အကြီးဆုံးသားနဲ့ဆို အသက် ၂၇ နှစ်တောင် ကွာတယ်။ သားလေးယောက် မွေးပြီးတော့မှပဲ နောက်ကျန်တသားမွေးလာတဲ့သူ။
အထွေးဆုံး။ သူ့ထက်ထွေးမယ့်သူ မရှိတော့ဘူး။ မန်းကျော် မိန်းမက သွေးဆုံးသွားပြီလို့ ကြေညာမောင်းခတ်ထားတယ်။ အဲဒီအချိန်ကစပြီး မန်းကျော်အနားမှာရှိတဲ့ အငယ်ကောင်လေးက အထွေးလေးစာရင်းဝင်သွားတာ။
ညနေမိုးချုပ်ခါစအချိန်မှာပဲ ရဲတွေ ခြေရှုပ်နေတာကို မန်းကျော် တွေ့လိုက်တယ်။ မန်းကျော်တို့အိမ်နဲ့ လမ်းက ချောင်းရိုးတခုစာ ခြားတယ်။ လမ်းက တောလမ်းလေးပါ။ ရွာတရွာနဲ့တရွာကို ဆက်ထားတဲ့လမ်းတော့ မဟုတ်ဘူး။
သေနတ်သံ ၃ ချက်တိတိကို ကြားလိုက်တယ်။ အသံကို သဲသဲကွဲကွဲကြီးကို ကြားလိုက်တာ။ သေနတ်သံဆိုတာ မန်းကျော် မခွဲခြားတတ်ခဲ့ပါဘူး။ စစ်တပ် အာဏာသိမ်းတဲ့ အစပိုင်းရက်တွေမှာ ညဦးပိုင်းအချိန်ဆို မြို့ကြီးပြကြီးမှာ စစ်တပ်က အသံဗုံးဖောက်ပြီး လူတွေကို ခြောက်တယ်။ မန်းကျော်တို့ရွာမှာတော့ အသံဗုံးကို တချက်လောက်ပဲ ဖောက်ပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်တာ။ ရွာကလူတွေကို အကြောက်တရားရိုက်ထည့်တာ။ အဲဒီအချိန်ကစပြီး မန်းကျော်က ဘယ်အသံက သေနတ်သံ၊ ဘယ်အသံက ဗုံးဖောက်သံ ဆိုတာကို ခွဲခြားမှတ်ထားတယ်။
အခုပစ်ခတ်လိုက်တဲ့အသံက သေနတ်သံပဲ။ မန်းကျော် ခြင်ထောင်ထဲကနေ စိတ်တွက်နဲ့ တွက်ချက်နေတယ်။ ဘယ်သူ ဘာဖြစ်သွားပြီလဲ မသိဘူး။ ဘေးနားက သားဖြစ်သူက မနိုးလာတဲ့အတွက် စိုးရိမ်စိတ်ကို တဝက်သက်သာစေတာပေါ့။ သားဖြစ်သူ လန့်များနိုးလာရင် အသံဗြဲကြီးနဲ့ အော်ငိုလို့ကတော့ ဒုက္ခပဲပေါ့။
တောတောင်ထဲ ကလေးငိုသံကြားရင် သေနတ်ကိုင်ထားတဲ့သူတွေက အိမ်ဘက်ကူးလာပြီး ရန်ရှာမှာကိုလည်း ကြောက်ရသေးတာကိုး။
“တနေရာတော့ တခုခုဖြစ်ပြီ။ ဒါ ခင်မောင်ညွန့်တို့အိမ်ကပဲ။ ဒီကောင်တွေက ရဲတွေနဲ့ အဆက်အသွယ်ရှိတယ်။ သူတို့အိမ်မှာ ဘာများဖြစ်လဲမသိဘူး။"
မန်းကျော်တယောက် သေနတ်သံကြားတဲ့နေရာနဲ့ အဲဒီနေရာက ဘယ်သူ့အိမ်ဖြစ်နိုင်လဲဆိုတာကို စိတ်ထဲကနေပဲ တွက်ချက်ပြီးပြောနေလိုက်တယ်။
မန်းကျော် မှေးခနဲ အိပ်ပျော်သွားတယ်။ ဘေးနားမှာ အားကိုးရလောက်တဲ့ အဖော်ဆိုတာလည်း မရှိတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့လည်း မလွယ်ဘူး။ အနီးအနားမှာ တိုးတိုးဖော်ဆိုလို့ လူမမည်သားတယောက်ပဲ ရှိတာ။ အိမ်နီးနားချင်းကလည်း မရှိတော့ ညဖို့ညတာဆိုတာ သတိဝီရိယနဲ့ နေနေရတာ။ အိပ်ပျော်နေချိန် အန္တရာယ်ဆိုတာ အချိန်မရွေးကျရောက်နိုင်တယ်။
မှေးခနဲ အိပ်ပျော်သွားချိန်မှာ မန်းကျော် မွေးထားတဲ့ ကြက်ဖက ခုနစ်သံချီနဲ့ တွန်ပါတော့တယ်။ ကြက်ဖ တွန်နေတာတော့ကြာပြီ။ ကြက်တွန်သံကြားနေကျဆိုတော့ ကြက်တွန်သံ ကြားကြားချင်း အိပ်ရာကနိုးလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကြက်စင်ကလည်း သူ့အိပ်ရာဘေးမှာပဲ။ မနက်မိုးလင်းလို့ ကြက်တွန်သံကြားကြားချင်းတော့ အိပ်ရာထလေ့မရှိဘူး။ နေရောင်နည်းနည်းမြင်ရပြီဆိုမှ ထတာ။
အခုလည်း အဆက်မပြတ် ကြက်တွန်သံနဲ့အတူ ပေါက်နေတဲ့ ခေါင်မိုးပေါ်ကနေ နေရောင်က ခြင်ထောင်အမိုးပေါ်ကို ချဉ်းနင်းကျရောက်လို့နေတယ်။ အိပ်ရာကနေလည်း မထချင်သေးဘူး။ နေကလည်း ထွက်နေပြီ။ အိမ်နားမှာလည်း စကားပြောသံတချို့ မကြားတချက် ကြားတချက်။
"ဝေဝေကို ညက ရဲတွေ ဖမ်းသွားတယ်။ သူ့အဒေါ်အိမ်က ပိုက်ဆံခိုးလို့။"
အိမ်ဘေးနားမှာ ခြံထဲ အလုပ်ဆင်းလာကြတဲ့သူတွေက တယောက်တခွန်း စကားတွေ ပြောနေကြတယ်။ သူတို့ပြောတဲ့ စကားထဲမှာ ရဲ ဆိုတာ ပါသွားတယ်။ မန်းကျော်လည်း ရဲဆိုတဲ့အသံလည်း ကြားရော အိပ်ရာကနေ ချက်ချင်းထလာတယ်။ အိပ်ရေးမဝဘဲ ထလာတာဆိုတော့ ခေါင်းထဲ ကြည်ကြည်လင်လင်တော့ မဖြစ်ဘူး။
“ဘာလဲ၊ ဘာလဲ၊ ဘယ်သူ့ကို ရဲဖမ်းသွားတာလဲ။”
အိပ်ရာပေါ်မှာပဲ ရှိသေးတယ်။ ခြင်ထောင်အပြင်တောင် မရောက်သေးဘူး။ ကိုယ်ပေါ်က ခြုံစောင်ကြီးကို ခွာရင်း အပြင်က စကားပြောနေကြတဲ့သူတွေကို မန်းကျော်က သူ သိချင်နေတာကို မေးလိုက်တယ်။
“ညက ဝေဝေကို ရဲတွေဖမ်းသွားတယ်။ သူများအိမ်က ပိုက်ဆံခိုးလို့တဲ့။ သူများအိမ်ဆိုတာလည်း တခြားသူမဟုတ်ဘူး။ သူ့အဒေါ်အိမ်။”
မအေးမြိုင်က မန်းကျော်ကို ကြားလာတဲ့သတင်းကို ဖောက်သည်ချနေတယ်။ မအေးမြိုင်တို့ ခြံထဲမရောက်ခင် မန်းကျော်အိမ်မှာ ခဏနားကြတယ်။ မန်းကျော်အိမ်ဘေးက ဆီးသီးတွေ ကောက်စားကြတဲ့အခါ ကောက်စားတယ်။ မီးလှုံတဲ့အခါလည်း လှုံကြတယ်။ အဲဒီလိုအချိန်ဆို ရွာထဲက ကြားလာသမျှသတင်းကို ဖောက်သည်ချကြတော့တာပဲ။
“ညက ငါသေနတ်သံကြားတာ အဲဒါ ဖြစ်မယ်။ ငါ့သားနိုးမှာစိုးလို့ ခြင်ထောင်ထဲပြေးဝင်သွားရတာ။"
မန်းကျော် မအေးမြိုင်တို့အနား ရောက်လာရင်း ညက သူ ကြားခဲ့တဲ့အသံကို ပြန်ပြောပြနေတာ။
သူတို့စကားဝိုင်းလေးထဲမှာ ဝေဝေကို ဒါမျိုးလုပ်တာ ဘယ်သင့်တော်မလဲဆိုတာလည်း ပါတယ်။ ပိုက်ဆံပျောက်တယ် ဆိုတဲ့အိမ်ကလည်း သူ့အဒေါ်အိမ်ပဲ။ သူ့အဒေါ်က အရက်ဆိုင်ဖွင့်ထားလို့ ဝေဝေလည်း အရက်လာသောက်တာ။ အရက်ဆိုင်ဆိုတာ ကပ်သားငါးရာ ဝင်ထွက်နေကြတာ၊ ဝေဝေက ဒီပိုက်ဆံယူပါတယ်လို့ အတပ်ပြောနိုင်လို့လား။
ဒီလိုစကားတွေပြောနေကြရင်း နေလုံးက အလုပ်ချိန်ကျရောက်ပြီဆိုတာကို အချက်ပြနေတယ်။ မအေးမြိုင်တို့အဖွဲ့ စကားဝိုင်းကို အစသတ်ပြီး အလုပ်ထဲဆက်သွားကြတယ်။ မန်းကျော်တယောက်ကတော့ အတွေးတွေ ဆက်ပြီးရင်းဆက်နေတယ်။ ဝေဝေတို့ ညီအစ်ကိုအကြောင်းတွေကို ဆက်ပြီးတွေးနေတာ။
ဝေဝေတို့ ညီအစ်ကိုတွေက မန်းကျော်သား အကြီးကောင်တွေနဲ့ အတန်းတူကြတယ်။ ကျောင်းနေဖက် သူငယ်ချင်းတွေလို့တောင် ပြောလို့ရတယ်။ ကျောင်းမှာ ဝေဝေတို့ ညီအစ်ကိုတွေ သူများထက် နွမ်းပါးကြတယ်။
“ညောင်ပင်သာရွာ” ကျနော်တို့ရွာကို ညောင်ပင်သာရွာဟု ခေါ်ပါသည်။ ကျောင်းစာသင်ခန်းထဲက မြန်မာစာကို အသံထွက်ပြီး ဖတ်နေတဲ့ မန်းကျော်သားအကြီးကောင်ရဲ့ ပုံရိပ်တချို့လည်း ပြန်ပေါ်လာတယ်။ ဝေဝေတို့နေတဲ့ရွာက ညောင်ပင်သာရွာ။ ကျောင်းစာထဲက ညောင်ပင်သာရွာလိုပဲ။ ဘုရားစေတီနာမည်။ ချောင်းရိုနာမည်တွေပဲ ကွဲသွားတာ။
ဝေဝေတို့နေတဲ့ ညောင်ပင်သာရွာရဲ့ အနီးမှာပဲ သံလွင်ရိုးဆိုတဲ့ ရိုးချောင်းလေးတခု ရှိတယ်။ အဲဒီသံလွင်ရိုးရဲ့အနီးမှာ မိုးကောင်းစေတီ ရှိတယ်။ မိုးကောင်းဘုရားလို့လည်း ခေါ်ကြတယ်။ ဝေဝေတို့ ညီအစ်ကိုတွေရဲ့ ငယ်ဘဝတွေက ကြမ်းတမ်းခဲ့ကြတယ်။ နွမ်းပါးကြမ်းတမ်းခဲ့ကြတာလို့ ပြောရင် ရနိုင်တယ်။
မန်းကျော်တို့ အိမ်ရှေ့မှာ ရိုးလေးတခု ရှိတယ်။ အဲဒီရိုးမှာ ဝေဝေတို့ ညီအစ်ကိုတွေ ဂိုင်းထောင်နေကြတယ်။ ငါးမျှားချိတ်တွေအများကြီးနဲ့ ဂိုင်းထောင်ပြီး ငါးရှာနေကြတာ။ ဒီနေရာမှာ ငါးရှာလို့မရဘူး။ အင်းလေလံ ရထားတဲ့သူက ဒီလိုငါးရှာနေတာကိုတွေ့ရင် ဖမ်းဆီးခံရတာ။ ထောင်ကျနိုင်တဲ့အထိကို ဖြစ်နိုင်တယ်။
ဝေဝေတို့က ဒီလိုနေရာမှာ ငါးရှာရင် ဖမ်းဆီးခံရနိုင်တာတို့၊ ထောင်ကျနိုင်တာတို့ကို သိကြတယ်။ သိသိကြီးနဲ့ အခုလို လုပ်နေရတာ။ ဘာလို့လဲဆိုတော့ ဝေဝေတို့အဖေက အခုလိုပဲ ငါးခိုးဖမ်းခိုင်းတာ၊ တခြားသူတွေရဲ့ ပစ္စည်းကို ခိုးခိုင်းတာတွေ လုပ်ခိုင်းလို့ပါပဲ။
တခါတလေများဆို ညသန်းခေါင်ကြီး ကလေးတွေကို နှိုးပြီး ငါးအရှာထွက်ခိုင်းတာ။ ငါးရှာလို့မရရင် ရိုက်တယ်။ ရိုက်တာနဲ့လည်း မပြီးသေးဘူး ညီအစ်ကိုနှစ်ယောက်ကို အိမ်ရှေ့မှာ ရပ်ခိုင်းပြီး အဖေလုပ်တဲ့သူက တနေရာကနေ လေးခွနဲ့ပစ်တာ။ အဲဒီလိုပစ်တဲ့အချိန် မျက်နှာလွှဲလိုက်လို့မရဘူး။ မျက်နှာတချက် လွှဲလိုက်တာနဲ့ ဒီထက်ပိုဆိုးပြီပဲ။
တညနေမှာ ဝေဝေတို့ညီအစ်ကို ရိုးတခုမှာ ငါးရှာနေကြတယ်။ မန်းကျော်လည်း တွေ့တာပေါ့။ ကလေးတွေ ငါးရှာမရရင် အရိုက်ခံရတာ။ ကျွဲလို၊ နွားလိုအရိုက်ခံရတဲ့အကြောင်း ရွာမှာ သတင်းထွက်နေတဲ့အပြင် ဝေဝေတို့ အိမ်ရှေ့တာရိုးပေါ်ဖြတ်သွားတဲ့သူတွေလည်း တွေ့မိကြတာပဲ။
ဘယ်သူကမှတော့ ဝင်ဆွဲတာ၊ အဖေလုပ်သူကို ဝင်ဖျောင်းဖျပေးတာတွေ မလုပ်ကြဘူး။ မန်းကျော်က အခြေအနေသိချင်တော့ သူတို့ညီအစ်ကို ငါးရှာနေတဲ့အချိန် မေးကြည့်လိုက်တယ်။
“အောင်မျိုးဦး မင်းတို့အဖေက ငါးရှာလို့မရရင် ရိုက်တယ်ဟုတ်လား”
မန်းကျော် အမေးကို ဝေဝေ့အကိုက တော်တော်နဲ့မဖြေဘူး။ မဖြေချင်လို့ မဖြေတာတော့ မဟုတ်ဘူး။ ဒီအကြောင်းတွေ ဘယ်သူမေမေး မပြောရဘူးဆိုတာကို အဖေလုပ်သူက နှုတ်ပိတ်ထားလို့ပဲ။
“တခါစားရအောင် ဖမ်းပါကွာ တူလေးတို့ရယ်၊ စပါးပင်တွေလည်း ဂရုစိုက်ပြီးရှောင်နင်းကြဦးနော်။”
ပထမစကား မေးမရတဲ့အတွက် မန်းကျော်က ညီအစ်ကိုတွေ သူ့ကို စကားပြောလာအောင် လေချိုသွေးလိုက်တယ်။ တကယ်တော့ အဲဒီညနေက မန်းကျော်စပါးခင်းထဲမှာ ဝေဝေတို့ ညီအစ်ကိုတွေ ဂိုင်းထောင်ငါးရှာနေကြတာ။ စပြီးတွေ့တွေ့ချင်း ညီအစ်ကိုတွေ ထွက်ပြေးကြသေးတယ်။ မန်းကျော်က မပြေးနဲ့ တူလေးတို့ ရှာပါကွာ၊ စပါးခင်းနဲ့ လွတ်တဲ့ ကန်သင်းဘောင်ကနေ ရှာရင်ရပါတယ်လို့ ပြောလိုက်လို့ မပြေးကြတော့တာ။
သူတို့ကို ဒီလို ငါးရှာခွင့်ကို တော်ရုံလယ်ရှင်တွေကလည်း ခွင့်မပြုကြဘူး။ စပါးခင်းကြေလို့ဆိုပြီး သူတို့ညီအစ်ကိုတွေကို မောင်းထုတ်ကြတာ။ စပါးခင်းထဲမှာ၊ အင်းချောင်းထဲမှာ ငါးရှာလို့မရဘူး ဆိုတာလည်း သူတို့ သိကြတယ်။ နီးရာဓားကို ကြောက်ရတဲ့အတွက် သူတို့ညီအစ်ကိုတွေမှာ တခြား ရွေးချယ်စရာမရှိဘူး။
အင်းသူကြီးက တိုင်လို့ လူကြီးအိမ် ရောက်ရတာ။ လယ်ပိုင်ရှင်က တိုင်လို့ လူကြီးအိမ် ရောက်ရတာလည်း ခဏခဏပဲ။ သူတို့က ငါးကိုမရရအောင် ရှာရမှာဆိုတော့ မထူးဇာတ်ခင်းကြတာလည်း ပါတာပေါ့။ ငါးဆိုတာ ရေရှိတဲ့နေရာမှာ ရှာရတာ။ ဝေဝေတို့ ညီအစ်ကိုတွေလည်း ရေရှိတဲ့နေရာမှာ ငါးရှာရင်းနဲ့ လယ်သမားတွေနဲ့ ထိပ်တိုက်တွေ့ရတာပေါ့။
ဝေဝေတို့အဖေက ငါးရှာလို့မရတာ၊ ခြံတခြံက သစ်သီးကို ခိုးယူလို့မရတာ၊ ခိုးယူမိလို့ လူကြီးအိမ် ရောက်သွားတဲ့အခါမျိုးတွေဆို သူတို့ကို နည်းလမ်းပေါင်းစုံသုံးပြီး နှိပ်စက်ညှဉ်းပန်းတော့တာပဲ၊ တုတ်နဲ့ရိုက်တာတော့ အနိမ့်ဆုံးအဆင့်ပဲ။ မတ်တတ်ရပ်ခိုင်းပြီး လေးခွနဲ့ပစ်တာ။ ထွက်ပြေးခိုင်းတယ်။ ထွက်ပြေးရင် အနောက်က လေးခွနဲ့ပစ်လို့ရနိုင်မဲ့ အကွာအဝေးလောက်ပဲ ပြေးရတာ။ ဒီထက်ပိုပြေးမိရင် ပိုနာမယ်။
အဲဒီလို သတ်မှတ်အကွာအဝေးပြေးရင် အနောက်ကနေ လေးခွနဲ့လှမ်းပစ်တာ။ ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ကလေးတွေရဲ့ လက်မောင်းအရေပြားကို ဓားနဲ့ မွှန်းတာမျိုးတွေတောင် လုပ်တယ်။ ခေါင်းတွေ၊ ကျောတွေနဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ပါပဲ။
သူတို့အိမ်ရဲ့ အနီးဆုံးမှာ စာသင်ကျောင်းရှိတယ်။ ရပ်ကွက်လူကြီးအိမ် ရှိတယ်။ သူတို့ အခုလို နှိပ်စက်ခံနေရတာကို ဘယ်သူကမှတော့ အရေးတယူ ကာကွယ်ပြောဆိုပေးတာတွေ မလုပ်ကြပါဘူး။
မန်းကျော်ကတော့ သူတို့ညီအစ်ကိုတွေကို မောင်းမထုတ်တော့ဘူး။ တခါကဆို သူ့လယ်ကွက်ထဲ ငါးဝင်ရှာတာ အော်ထုတ်မိလိုက်တယ်။ အော်ထုတ်တော့လည်း ပြေးတာပေါ့။ နောက်နေ့မနက်ကျတော့ အောင်မျိုးဦး မျက်နှာမှာ ရောင်ကိုင်းနေတော့တာ။ မျက်လုံးတဖက်ကလည်း ဖူးရောင်ပြီးပိတ်နေတယ်။
မေးကြည့်ကြတာပေါ့ ဘာဖြစ်လဲဆိုတာ။ ငါးရှာမရလို့ အဖေက လောက်လေးခွနဲ့ ဆော်တာ ခံကြရတာကို မန်းကျော် ပြန်သိရတယ်။ သူ အော်မိလိုက်လို့ ကလေးတွေ အခုလိုဖြစ်ရတာကိုလည်း မန်းကျော်တယောက် စိတ်မကောင်းဖြစ်နေတယ်။
အဲဒီအချိန်ကစပြီး ဝေဝေတို့ အောင်မျိုးဦးတို့ ညီအစ်ကိုတွေ သူ့လယ်ကွက်ထဲ ငါးဝင်ရှာရင် မအော်ထုတ်တော့ဘူး။ စပါးပင်တွေ မကျိုးမကြေအောင်တော့ ငါးရှာကြပါ တူလေးတို့ ဆိုတာမျိုးလောက်ပဲ ပြောတော့တယ်။
ဝေဝေတို့ညီအစ်ကိုတွေ သူတို့အမေက ကျောင်းမှာ ထမင်းလာပို့တော့ ထွက်ပြေးကြတဲ့အကြောင်း ခဏခဏ ပြောရယ်ကြတာရှိတယ်။
အမေလုပ်တဲ့သူက ကလေးတွေကို ထမင်းလာပို့တာ ထင်းမီးနဲ့ချက်ထားတဲ့ မဲတူးနေတဲ့ ထမင်းအိုးကြီးကို ရွက်လို့ပေါ့။ အဲဒီလို ထမင်းအိုးမျိုးနဲ့ ဘယ်မိဘမှ ကလေးတွေအတွက် ကျောင်းကို ထမင်းလာမပို့ကြဘူး။ ဝေဝေတို့ညီအစ်ကိုတွေ မအေကို တပြကနေ လှမ်းတွေ့လိုက်တယ်ဆိုရင်ပဲ စာသင်နေရင်းတန်းလန်း ထပြေးတော့တာပဲတဲ့။
နောက်ပိုင်းမှာ ဒေါ်သိန်ခလိန်တယောက် သားတွေကို မည်းတူးနေတဲ့ ထမင်းအိုးနဲ့ ကျောင်းကို ထမင်းမပို့တော့ပါဘူး။ အိမ်မှာ အဖေလုပ်သူရဲ့ သားတွေအပေါ် နှိပ်စက်ကလူပြုတာကိုလည်း ဒေါ်သိန်ခလိန်တယောက် ဘာမှဝင်ပြောလို့မရဘူး။ ဝင်မပြောရဲတာလည်း ပါတာပေါ့။ ဝင်ပြောမိရင် သူပါ အရိုက်ခံရမှာကိုး။
ဝေဝေတို့ ဝဋ်ကြွေးကုန်တဲ့တနေ့ကို ရောက်လာပါတယ်။ ဝေဝေတို့အဖေ အရေးပေါ်ဆေးရုံတင်လိုက်ရတယ်။ သွေးလိုလို့ သားကြီးအောင်မျိုးဦးက သူ့သွေးဖောက်ပြီး ဖအေအတွက် အသက်ဆက်ပေးရှာပါတယ်။
ဦးအုန်းကြိုင်ကတော့ ဆေးရုံခုတင်ပေါ်မှာ မျက်ရည်တွေကျလို့တဲ့။ အရပ်ထဲမှာတော့ ကလေးတွေအပေါ် ဒီလောက် ညှဉ်းပန်းနှိပ်စက်လာခဲ့တာ အခုကျတော့ မျက်ရည်ကျဖို့ သတိရသေးတာပဲလားလို့ မှတ်ချက်ပေးကြတယ်။
ဦးအုန်းကြိုင်ကြီးလည်း အဲဒီဆေးရုံက ပြန်အဆင်းမှာပဲ ဘဝတပါးကို ကူးပြောင်းသွားခဲ့တယ်။ ရွာမှာ မိဘတွေက ကလေးတွေကို အလွန်အကျူး ရိုက်နှက်တာမျိုး ရှိလာရင် အုန်းကြိုင်လေးလားလို့ သတ်မှတ်ခံရတယ်။ အုန်းကြိုင်ကြီးကတော့ သေပြီ။ အုန်းကြိုင်လေးတွေ နောက်ထပ် ပေါ်ဦးမှာလားလို့ ကလေးတွေကို ရိုက်နှက်ဆုံးမတာ ကြမ်းတမ်းတဲ့သူတွေကို တယောက်ယောက်က ပြောလည်းပြော၊ မေးခွန်းလည်း ထုတ်သွားသေးတာ။
ဝေဝေတို့ညီအစ်ကို အဖေမရှိတော့တဲ့နောက်ပိုင်း သူတို့အဖေခိုင်းလို့ သူများအိမ်က ပစ္စည်းတွေခိုးရတာ၊ ငါးတွေ ခိုးဖမ်းခဲ့ရတာတွေကို လမ်းကြုံရင် ကြုံသလို တောင်းပန်ရှာပါတယ်။ စကားစပ်မိလို့ ပြောရင်လည်း သူတို့အဖေ ခိုင်းလို့လုပ်မိတာကို တောင်းပန်ရှာကြပါတယ်။ သူတို့စကားသံတွေထဲမှာ ဖအေနဲ့ပတ်သက်ပြီး ဝမ်းနည်းတဲ့ အရိပ်အယောင် စိုးစဉ်းမျှတောင် မကြားမိကြတော့ပါဘူး။
ဝေဝေ့ကို ရဲစခန်းခေါ်သွားကြတယ်။ သေနတ်သုံးချက်ဖောက်ပြီး မေးတဲ့အိမ်မှာလည်း ဝေဝေက ဝန်ခံပါတယ်။ သူ့အဒေါ်ပိုက်ဆံ သူ ယူမိတဲ့အကြောင်း။ ဝေဝေ့ကို စစ်မေးတာ ရဲမှမလိုတာ။ ဝေဝေလို ကောင်လေးတယောက်ကို ရဲခေါ်ပြီး သေနတ်ဖောက်သံပေးပြီး မေးရလောက်တဲ့အထိ မလုပ်သင့်ဘူးဆိုတာကို မန်းကျော် တွေးနေမိတယ်။
မပြောပလောက်တဲ့ ငွေပမာဏ၊ ယူတဲ့သူကလည်း ယူတဲ့အကြောင်း ဝန်ခံတယ်။ ငွေပျောက်တဲ့အိမ်ကလည်း ငွေယူမိတဲ့သူရဲ့ ဆွေးမျိုးမကင်းတဲ့ အဒေါ်အိမ်။ ယူမိတဲ့ငွေကို ပြန်ပေးမှာပါလို့လည်း ကာယကံရှင်က ပြောနေတာပဲ။ တကယ်တော့ ထန်းသီးကြွေခိုက် ကျီးနားခိုက်နဲ့ ကြုံကြိုက်လိုက်တာလို့ပဲ မန်းကျော် အတွေးပေါက်သွားခဲ့ပါတယ်။ဘာမှမပြောပလောက်တဲ့ ကိစ္စဆိုပေမဲ့ ရွာမှာတော့ ရဲတွေ၊ စစ်သားတွေဆိုတာ အဲဒီလို ကြောက်ရတယ် ဆိုတာကို ရွာကလူတွေရဲ့ စိတ်ထဲမှာတော့ အကြောက်တရား ရိုက်ထည့်မိလျက်သား ဖြစ်သွားခဲ့ပြီဆိုတာပါပဲ။ ။
တ


