
၂၀၁၉ ခုနှစ်၊ ဒဂုံတက္ကသိုလ် ဒုတိယနှစ် စဖွင့်တဲ့အချိန်မှာ ရွှေသိင်္ဂီနဲ့ ဝတ်ရည်အောင်တို့ စတွေ့ခဲ့ကြတယ်။ စတွေ့တွေ့ချင်းမှာပဲ သူတို့နှစ်ယောက် ခင်သွားခဲ့ကြတယ်။
အဲဒီတုန်းက အသက် ၁၉ နှစ်အရွယ်။ သတ္တဗေဒကျောင်းသူ။ ဝတ်ရည်အောင်က ယောက်ျားလေးလို ဝတ်ဆင်လေ့ရှိတယ်။ ဆံပင်တိုတို၊ ဖော်ရွေပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ပုံစံကြောင့် ထင်ရှားတယ်လို့ ရွှေသိင်္ဂီက ပြောပါတယ်။
သူတို့နှစ်ယောက်စလုံးက ကျောင်းသားသမဂ္ဂမှာ တက်ကြွလှုပ်ရှားသူတွေ ဖြစ်တာကြောင့် မကြာခင်မှာပဲ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ အဲဒီအချိန်၊ အဲဒီမြို့မှာပဲ ခန့်လင်းနိုင် ဆိုတဲ့ လူငယ်လေးက ပုံနှိပ်တိုက်တခုမှာ အလုပ်လုပ်နေပါတယ်။ သူက တခြားတက္ကသိုလ်တခုမှာ သမိုင်းမေဂျာ ယူထားသူဖြစ်ပြီး ကျောင်းသားသမဂ္ဂမှာလည်း ပါဝင်လှုပ်ရှားခဲ့သူပါ။
ဒီကျောင်းသား ၃ ယောက်စလုံးဟာ ဒီမိုကရေစီအငွေ့အသက်တချို့ ရှိနေတဲ့ကာလမှာ အရွယ်ရောက်လာတဲ့ ပထမဆုံးမျိုးဆက် ဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာမသိမ်းခင်အထိ ရန်ကုန်မြို့ကြီးမှာ ရရှိခဲ့တဲ့ လွတ်လပ်ခွင့်တွေကို သူတို့ ခံစားခဲ့ဖူးကြတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ဒီမိုကရေစီအရေးအတွက် လမ်းပေါ်ထွက်ခဲ့တဲ့ သောင်းနဲ့ချီတဲ့ လူငယ်တွေကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာမှာ သူတို့ ၃ ယောက်စလုံး ပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြသူ အတော်များများက စစ်ကောင်စီကို ပြန်တိုက်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်။ တခြားသူတွေကတော့ ထွက်ပြေးကြသလို တချို့ကျတော့ ဖမ်းဆီးထောင်ချခံရပြီး အဲဒီထဲက တချို့က ထောင်ထဲမှာပဲ သေဆုံးသွားခဲ့ကြတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား နိုင်ငံရေးအကျဉ်းသား ၇၄ ဦးထက်မနည်း အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။ ဒီစာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နဲ့ တိုက်ဆိုင်စစ်ဆေးထားပါတယ်။
PPNM ရဲ့ အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း ပုန်ကန်မှု၊ လှုံ့ဆော်မှုတွေနဲ့ စွပ်စွဲခံရသူ စုစုပေါင်း ၂၇၃ ဦးဟာ အကျဉ်းချခံထားရစဉ်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရိုက်တာ သတင်းဌာနက ဖမ်းဆီးခံ ကျောင်းသားတွေရဲ့ မိတ်ဆွေနဲ့ ဆွေမျိုး ၃ ဦးကို မေးမြန်းခဲ့သလို ထောင်တွင်း စောင့်ကြည့်ရေးအဖွဲ့ ၂ ဖွဲ့ကိုလည်း မေးမြန်းခဲ့ပါတယ်။ ထောင်ဝင်စာတွေနဲ့ အာဏာပိုင်တွေဆီက စာတွေကိုလည်း ပြန်လည်သုံးသပ်ခဲ့ပါတယ်။
ဒါတွေအားလုံး ပေါင်းစပ်လိုက်တဲ့အခါ ဝတ်ရည်အောင်နဲ့ ခန့်လင်းနိုင်တို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ သူတို့သေဆုံးခဲ့ရတဲ့ အကြောင်းရင်းတွေကို အပြည့်စုံဆုံး ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းဌာနအနေနဲ့ ဖြစ်ရပ်အားလုံးကို သီးခြား အတည်မပြုနိုင်ပေမဲ့ ဒီအချက်တွေဟာ မနှစ်က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေ ပြောခဲ့တာတွေနဲ့ ကိုက်ညီနေပါတယ်။
ကုလသမဂ္ဂကတော့ စစ်ကြောရေးနဲ့ ထောင်တွေမှာ စနစ်တကျ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ တခြားဆိုးရွားတဲ့ ချိုးဖောက်မှုတွေ ရှိတယ်လို့ ပြောခဲ့တာပါ။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာတွေကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေကို မနှစ်က ငြင်းဆိုခဲ့ပါတယ်။
အောက်တိုဘာလတုန်းကတော့ “ဒါတွေက အတည်မပြုနိုင်တဲ့ အချက်အလက်တွေအပေါ် အခြေခံထားတဲ့ တဖက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။
ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ စစ်မှုထမ်းခိုင်းတာနဲ့ ပြည်တွင်းပြည်ပကို ထွက်ပြေးရတာတွေဟာ လူငယ်မျိုးဆက်အပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိတယ်လို့ ကုလသမဂ္ဂရဲ့ မနှစ်က အစီရင်ခံစာမှာ ပြောထားပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အရ အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေ ၅၁ သန်းလောက်ရှိတဲ့ နိုင်ငံကနေ လူငယ် ၃ သိန်းကနေ ၅ သိန်းကြား ပြည်ပကို ထွက်ပြေးခဲ့ကြရပါတယ်။
၂၀၂၁ ဖြိုခွင်းမှုတွေ စဖြစ်တော့ ရွှေသိင်္ဂီက ရန်ကုန်ကနေ ထွက်ခွာသွားခဲ့တယ်။
ဝတ်ရည်အောင် ကတော့ ကျန်နေခဲ့ပြီး ၂၀၂၁ စက်တင်ဘာလ အဖမ်းမခံရခင်အထိ တော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီ တရားရုံးက သူ့ကို ပုန်ကန်မှု၊ လှုံ့ဆော်မှုတွေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။
ပေးစာတွေ၊ တခါတလေရတဲ့ ဖုန်းခေါ်ဆိုမှုတွေကနေတဆင့် သူက မိသားစုနဲ့ရော ရွှေသိင်္ဂီနဲ့ပါ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။
၂၀၂၄ ဖေဖော်ဝါရီလတုန်းက ထောင်ထဲက ပေးစာတစောင်မှာ “အမေ နေကောင်းမယ်လို့ မျှော်လင့်ပါတယ်။ သမီးမှာ မုန့်ဖိုးနဲ့ ဆေးဖိုး ပြတ်သွားလို့ ငွေ ၂ သိန်းလောက် ထည့်ပေးပါဦး” လို့ ရေးထားတယ်။
တရားဝင် ငွေလဲနှုန်းအရ ဒေါ်လာ ၁၀၀ လောက်ရှိတဲ့ ဒီလက်ရေးစာထဲမှာ အာရုံကြောထိခိုက်မှုနဲ့ ပန်းနာရင်ကျပ်အတွက် သောက်ရမဲ့ ဆေးစာရင်းတွေလည်း ပါပါတယ်။
သူ အဖမ်းခံရပြီး ပထမနှစ်ပတ်အတွင်း စစ်ကြောရေးကာလမှာ ဦးခေါင်းဒဏ်ရာတွေ ရခဲ့တယ်လို့ ရွှေသိင်္ဂီနဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။ ထောင်မကျခင်က သူ့မှာ ဘာကျန်းမာရေး ပြဿနာမှ မရှိခဲ့ပါဘူး။
နောက်ပိုင်းမှာ သူ့ကျန်းမာရေးက တော်တော်ဆိုးလာလို့ ၂၀၂၅ နှစ်လယ်လောက်မှာ ထောင်ဆေးရုံကို အနည်းဆုံး တခေါက်လောက် တက်ခဲ့ရတယ်လို့ ရွှေသိင်္ဂီက ပြောပါတယ်။
ရက်စွဲမပါတဲ့ ရွှေသိင်္ဂီဆီ လိပ်မူထားတဲ့ စာတစောင်မှာ ဝတ်ရည်အောင်က ဆေးစစ်ဖို့အတွက် ဒေါ်လာ ၁၅၀ လောက် လိုချင်ကြောင်း ပြောထားပါတယ်။
“အမေ့ကိုတော့ မပြောပါနဲ့နော်။ အားလုံးကို လွမ်းပါတယ်” လို့ ရေးထားပါတယ်။
ဝတ်ရည်အောင်ဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အသက် ၂၅ နှစ်ပဲ ရှိပါသေးတယ်။ နှလုံးရောဂါကြောင့် သေဆုံးတာလို့ အာဏာပိုင်တွေက မိသားစုကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသားသမဂ္ဂကတော့ စစ်ကောင်စီရဲ့ ပြောကြားချက်ကို ကြေညာချက်တစောင်နဲ့ ကန့်ကွက်ခဲ့ပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေကို လုံလောက်တဲ့ ဆေးကုသမှု မပေးတာ၊ ဆေးဝါးပြတ်လပ်တာနဲ့ မိသားစုနဲ့ တွေ့ခွင့် ကန့်သတ်တာတွေကြောင့် မဝတ်ရည်အောင်ဟာ ၂၀၂၅ ဇူလိုင် ၁၉ ရက် ည ၉ နာရီခွဲလောက်မှာ ထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။
ခန့်လင်းနိုင် အဖမ်းခံရတာကိုတော့ သူ့မိသားစုက ရုပ်သံသတင်းကနေတဆင့် သိခဲ့ရတာပါ။ ၂၀၂၁ ဒီဇင်ဘာလတုန်းက အသက် ၁၉ နှစ်အရွယ်မှာ အဖမ်းခံရတာ ဖြစ်ပါတယ်။
နိုင်ငံတော်ကို ဆန့်ကျင်ရန် လှုံ့ဆော်မှု၊ ပုန်ကန်မှုတွေနဲ့ စွပ်စွဲခံရပြီး ရန်ကုန်နဲ့ မိုင် ၇၀ လောက်ဝေးတဲ့ ဒိုက်ဦးထောင်မှာ ချုပ်နှောင်ခံရကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ သူ့မိသားစုအတွက် ထောင်အာဏာပိုင်တွေဆီက စာတစောင်နဲ့အတူ သတင်းဆိုးတခု ရောက်လာခဲ့ပါတယ်။
ထောင်ပြောင်းရွှေ့နေစဉ် ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ခန့်လင်းနိုင်ကို ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတယ်လို့ စာထဲမှာ ပါပါတယ်။ ဒီအကြောင်းကို အမည်မဖော်လိုတဲ့ ဆွေမျိုးတယောက်က ရိုက်တာကို ပြောပြတာပါ။
ဒိုက်ဦးထောင်က နောက်ထပ် အကျဉ်းသားတယောက်ရဲ့ မိသားစုဆီ ၂၀၂၃ ဇူလိုင်လတုန်းက ပို့တဲ့စာကိုလည်း ရိုက်တာသတင်းဌာနက တွေ့ခဲ့ရပါတယ်။
အဲဒီစာထဲမှာလည်း ထောင်ပြောင်းရင်း ထွက်ပြေးဖို့ ကြိုးစားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတိပေး ပစ်ခတ်ရင်း သေဆုံးသွားတယ်လို့ ရေးထားပါတယ်။
ရှေ့နေတွေနဲ့ ထောင်စောင့်ကြည့်ရေးအဖွဲ့တွေ ပြောပြချက်အရ ကိုလိုနီခေတ်က အကျဉ်းထောင်လက်စွဲ ဥပဒေကို အကျဉ်းဦးစီးဌာနက အခုထိ သုံးနေတုန်းပါပဲ။
အဲဒီဥပဒေအရ အကျဉ်းသား ထွက်ပြေးရင် “တားဆီးဖို့ တခြားနည်းလမ်း လုံးဝမရှိတော့မှသာ” သေနတ်လို လက်နက်မျိုး သုံးခွင့်ရှိတယ်လို့ ဆိုပါတယ်။
သေဆုံးကြောင်း အကြောင်းကြားစာ နှစ်စောင်စလုံးမှာ ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် မပါပါဘူး။ စစ်ကောင်စီ ပြန်ကြားရေးကလည်း ဒါနဲ့ပတ်သက်ပြီး မေးမြန်းတာကို ပြန်မဖြေပါဘူး။
ခန့်လင်းနိုင်ရဲ့ မိဘတွေဟာ သူ့သားရဲ့ ရုပ်အလောင်းကို ပြန်မရခဲ့ပါဘူး။ စာရပြီး ၂ နှစ်ကျော်တဲ့အထိ အသုဘအခမ်းအနား မလုပ်ရသေးပါဘူး။
“စာထဲမှာ ရေးထားတာက မရေရာတော့ သူသေပြီလို့ ကျမတို့ မယုံဘူး” လို့ ဆွေမျိုးဖြစ်သူက ပြောပါတယ်။
PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးကတော့ ခန့်လင်းနိုင် ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ထောင်ပြောင်းတဲ့အချိန်ဆို အကျဉ်းသားတွေကို လက်ထိပ်ခတ်ထားသလို ရဲတွေလည်း အများကြီးပါလို့ပါ။
ထောင်ပြောင်းတယ် ဆိုတဲ့အချိန် မတိုင်ခင်လေးမှာပဲ ခန့်လင်းနိုင်ဟာ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခံခဲ့ရတယ်လို့ ထောင်တွင်း သတင်းရင်းမြစ်တွေဆီက သိရကြောင်း သူက ဆက်ပြောပါတယ်။
ဝတ်ရည်အောင်နဲ့ ခန့်လင်းနိုင်တို့ ဆန္ဒပြခဲ့ကြပြီး နှစ်အနည်းငယ်အကြာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါလို နိုင်ငံတွေမှာ လူငယ်တွေရဲ့ တော်လှန်မှုကြောင့် အစိုးရတွေ ပြုတ်ကျခဲ့တယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေကတော့ တောင့်ခံနေတုန်းပါပဲ။ နယ်စပ်ဒေသတွေမှာ နယ်မြေတွေ ဆုံးရှုံးနေပေမဲ့ စစ်မှုထမ်းဥပဒေ ထုတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေနဲ့ ပြန်တိုက်နေပါတယ်။
ဒီလထဲမှာပဲ စစ်တပ်ကျောထောက်နောက်ခံ ပါတီက အာဏာရလာမဲ့ ရွေးကောက်ပွဲ အဆင့် ၃ ဆင့်ကို အဆုံးသတ်ခဲ့ပါတယ်။
“ကျမက သတင်းကြေညာသူ ဖြစ်ချင်ခဲ့တာ။ ဝတ်ရည်ကတော့ ပရဟိတအလုပ်တွေ ပိုလုပ်ချင်တာ” လို့ ရွှေသိင်္ဂီက ပြောပါတယ်။
“ကျမတို့ တယောက်ချင်းစီမှာ မတူညီတဲ့ အိပ်မက်တွေ ရှိခဲ့ကြတာပေါ့”
Source: Reuters
(Reuters သတင်းဌာနက ရေးသားထားသည့် “Myanmar: Thousands marched for democracy. Some died in prison” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)


