
မတ် ၇ ရက်မနေ့ကယှဉ်ပြိုင် ကစားခဲ့တဲ့ အမျိုးသမီး အာရှဖလား ဘောလုံးပြိုင်ပွဲမှာ ဂျပန်အသင်းက အိန္ဒိယအသင်းကို ၁၁ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။
ဒီပွဲမှာ ဟီနာတာမီယာဇာဝါနဲ့ ရီကိုအုအဲကီတို့က ဟက်ထရစ် ၃ ဂိုးစီ သွင်းနိုင်ခဲ့ကြပါတယ်။ အုပ်စု C မှာ ဦးဆောင်နေတဲ့ ဂျပန်အမျိုးသမီးအသင်းဟာ ၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်တွေမှာလည်း ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
အခုပွဲစဉ်အတွင်းမှာ ဂျပန်က အိန္ဒိယအသင်းကို အလွယ်တကူ တိုက်စစ်ဆင် ကစားခဲ့ပြီး တောင်အာရှအသင်းဖြစ်တဲ့ အိန္ဒိယကတော့ ပွဲတလျှောက်လုံး တကြိမ်တောင် ဂိုးသွင်းခွင့်မရခဲ့ပါဘူး။
ပထမပိုင်းက ဂျပန်အမျိုးသမီးအသင်းက ၅ ဂိုးထိ သွင်းယူထားနိုင်ပြီး ကစားအားမလျော့ဘဲ ဒုတိယပိုင်းမှာ ၆ ဂိုး ထပ်မံသွင်းယူခဲ့တာပါ။
အခု အမျိုးသမီး အာရှဖလားပွဲစဉ်ကို ဩစတြေးလျနိုင်ငံ ပတ်သ်မြို့မှာရှိတဲ့ Perth Rectangular ပတ်သ်ရတ်တန်ဂုလာ ဘောလုံးကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတာပါ။


