ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းအတွက် ရည်စူးပြီး ကျန်ရစ်သူမိသားစုက ကွယ်လွန်ခြင်း ၁ လပြည့် ဆွမ်းကပ် တရားတော်နာပွဲကို ဒေသစံတော်ချိန် မတ် ၇ ရက်က အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်က သူ့ရဲ့နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းရဲ့ဇနီး ဒေါ်စီစီသွယ်က “သူက ၁၀၀ ရာခိုင်နှုန်း၊ ကျမတို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်လေ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ချတဲ့မူပေါ့၊ သူသွားတဲ့လမ်းကိုပဲ ဆရာက တစိုက်မတ်မတ် လိုက်တယ်ပေါ့နော်။ သူ့ရဲ့အစ်ကိုဆိုပေမဲ့ ဆရာ ယုံကြည်တယ်၊ ဆရာ့အမေဆို အမြဲတမ်း သူက ဘုရားရှိခိုးရင်လေ စင်ပြိုင်ကြီး ကျန်းမာပါစေ၊ မမစုက သူ့ကိုခေါ်လို့ နိုင်ငံရေးထဲ ပါတာပေါ့နော်။ ဒါပေမဲ့ ဆရာက ပြန်ပြောတယ် ကျုပ် ဒီအရွယ်ရောက်ပြီပဲဗျာ၊ ကျုပ်စိတ်ကြောင့် ကျုပ်ပါတာပေါ့နော်။ သူပေါက်ခေါင်းမှာ ရွေးတော့လည်းပဲ သူကျမကို ပြောတယ်၊ ကျုပ် ဆက်လုပ်ရမယ် လူတွေက အရမ်းဆင်းရဲတယ်။ အဲဒီကနေ တစိုက်မတ်မတ်ပဲ သူဆုံးတဲ့အထိပဲ သူ တတ်နိုင်တာတွေကို သူလုပ်တယ်၊ စာသင်တာကို သူ လုပ်ပေးတယ်၊ အကုန်လုံးပေါ့။ သူ တတ်နိုင်တာလုပ်ရင်းနဲ့ပဲ သူ့ဘဝငြိမ်းငြိမ်းချမ်းချမ်းပဲ ဘဝပြောင်းသွားတယ်ပေါ့။ ကျမကလည်း ဒေါက်တာ စိန်ဝင်းရဲ့ဇနီး၊ နိုင်ငံရေးသမားရဲ့ဇနီး၊ အဲဒါကို ကျမရဲ့ နောက်ဆုံးထွက်သက်အထိ ဖြစ်ချင်ပါတယ်”လို့ ပြောပါတယ်။
အသက် ၈၃ နှစ်အရွယ် ဒေါက်တာစိန်ဝင်းဟာ ဖေဖော်ဝါရီ ၆ ရက်မနက် ၇ နာရီဝန်းကျင်မှာ အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Suburban ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။
ဒေါက်တာစိန်ဝင်းဟာ ရိုးသားမှု၊ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းပီသမှုတွေကြောင့် နိုင်ငံတကာရောက်မြန်မာအသိုက်အဝန်းရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအလွန်မှာ မြန်မာ့အရေးကို နိုင်ငံတကာမျက်နှာစာ ပေါ်လွင်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ဒေါက်တာစိန်ဝင်းဟာ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးတွေအတွက် တသက်တာလုံး ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးက “သူကတော့ တစိုက်မတ်မတ် ဒီတော်လှန်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကျနော်တို့တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ သူက အမြဲတမ်းစိတ်တက်ကြွနေတယ်၊ အပြောင်းအလဲကို ဖြစ်စေချင်တဲ့ တိုင်းပြည်ကို ကောင်းစေချင်တဲ့ဆန္ဒက သူ့မှာအမြဲတမ်းရှိနေတယ်ဆိုတာကို ကျနော် သူနဲ့စကားပြောခွင့်ရတိုင်းပေါ့ လေ့လာမိတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာဘာသာနဲ့ သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့နဲ့ ၁၉၇၉ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ဒီမိုကရေစီအရေးမှာ အမြင်ကျယ်သူဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်းကို အားပေးခဲ့သူဖြစ်ပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ကို ၁၉၉၂ ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်၊ သမီး မေ့လပြည့်စိန်ဝင်းနဲ့ သား ပြည်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့ပါတယ်။
သုတချမ်းသာ






