Home
သတင်းဓာတ်ပုံ
NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၏ ဈာပနနှင့် အောက်မေ့ဖွယ်အခမ်းအနား (ဓာတ်ပုံ)
DVB
·
March 1, 2026

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းရဲ့ ဈာပနနဲ့ အောက်မေ့ဖွယ်အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ University of Maryland - UMD Memorial Chapel မှာ  ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။

စျာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် တော်လှန်ရေးအစုအဖွဲ့တွေ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီ ဦးကျော်မိုးထွန်းနဲ့ အမေရိကန်နိုင်ငံတဝန်းက မြန်မာအများအပြား တက်ရောက်ခဲ့ကြပါတယ်။

NCGUB ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေက “သူ သွားခဲ့ပြီ ချန်ခဲ့ပြီဖြစ်ပေမဲ့လို့ မြန်မာ့သမိုင်းရဲ့ အခန်းကဏ္ဍ Chapter ကတော့ ဆရာစိန်ဝင်းရဲ့ ဂုဏ်ကျေးဇူးကြောင့် တောက်ပြောင်ပြီးနေလိမ့်မယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျာ”လို့ ပြောပါတယ်။

ဒေါက်တာစိန်ဝင်းနာရေး- ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဝင်းက “ဘယ်လိုပဲပြောပြောပေါ့နော် ရှိနေတယ်ဆို ကျနော်တို့ အားရှိတာပေါ့၊ ကျနော်တို့မှာ နိုင်ငံရေးပြောဖို့ လူကြီးတွေပေါ့ဗျာ၊ တယောက်ပြီးတယောက် ကွယ်လွန်သွားတယ်ပေါ့။ ကျနော့် ကိုယ်တွေ့ဆို ဆရာတင်မိုး တို့လိုပေ့ါ၊ အမြဲဖုန်းလည်းခေါ်တယ်ဗျာ။ ကျနော်တို့နဲ့ကလေ၊ အဲဒီတော့ ဆရာရှိနေရင် အားရှိတာပေါ့နော်။ ခုလိုမျိုး တိုင်းပြည်တပြည်လုံး သွေးမြေကျနေတဲ့အချိန် ဆရာက စစ်အာဏာရှင်စနစ်ကို ရွံမုန်းတာပေါ့ဗျာ။ ကိုယ့်ပြည်သူပြည်သားချင်းနှိပ်စက်တာကို ဆရာက အင်မတန်မှ ရွံမုန်းတဲ့သူ၊ တိုင်းပြည်ကို တိုးတက်ချင်တဲ့ဆရာဆိုတော့”လို့ ပြောပါတယ်။

ညနေ ၄ နာရီမှာ ဒေါက်တာစိန်ဝင်းရဲ့ ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို Going Home Cremation and Funeral Care မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

အသက် ၈၃ နှစ်အရွယ် ဒေါက်တာစိန်ဝင်းဟာ ဖေဖော်ဝါရီ ၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ မယ်ရီလန်းပြည်နယ်၊ Suburban ဆေးရုံမှာကွယ်လွန်ခဲ့တာပါ။

ဒေါက်တာစိန်ဝင်းဟာ ရိုးသားမှု၊ ခေါင်းဆောင်ကောင်း၊ ဆရာကောင်း ပီသမှုတွေကြောင့် နိုင်ငံတကာရောက်မြန်မာအသိုင်းအဝိုင်းရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာဘာသာနဲ့ သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့နဲ့  ၁၉၇၉ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ကို ၁၉၉၂ ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်၊ သမီး မေ့လပြည့်စိန်ဝင်းနဲ့ သား ပြည်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်းရဲ့ဇနီး ဒေါ်စီစီသွယ်က “ကျမခေါင်းထဲ ပေါ်တာတော့ ကမ္ဘာမြေကြီးရေ ကြီးကျယ် မြင့်မြတ်တဲ့ နိုင်ငံရေးသမား၊ သင်္ချာသမား၊ သားကောင်းတယောက်၊ စာအုပ်ကို ထမင်းထက် မက်တဲ့ ကျောင်းသား ကဝိအိုကို ဆီးကြိုဂုဏ်ပြုကြပါတော့”လို့ ပြောပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013