
လက်ဘနွန်နိုင်ငံဟာ အခုသီတင်းပတ် အစောပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲထဲကို ဆွဲသွင်း ခံလိုက်ရချိန်မှာ ပြင်သစ်နိုင်ငံဟာ လက်ဘနွန်နိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့် သွားမှာဖြစ်ပြီး သံချပ်ကာယာဉ်တွေအပြင် စစ်ဆင်ရေးနဲ့ ထောက်ပံ့ဆိုင်ရာ အထောက်အပံ့တွေ လည်း ပေးသွားမယ်လို့ ပြင်သစ်သမ္မတ မက်ခွန်းက မတ် ၅ ရက်မှာ ပြောပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်း နိုဝယ်လ် ဘာရိုကလည်း အရပ်သားလူထုကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ပြင်သစ်နဲ့ အလွန်နီးကပ်တဲ့ လက်ဘနွန်နိုင်ငံကို စစ်မီးထဲ နောက်တကြိမ် ထပ်ပြီးမပါသွားအောင် အစွမ်းကုန် တားဆီးရမယ်လို့ သမ္မတ မက်ခွန်းက ပြောဆိုခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်ကိုလည်း လက်ဘနွန်အထိ စစ်မချဲ့ဖို့ တိုက်တွန်းထားသလို အီရန်ခေါင်းဆောင်တွေကိုလည်း လက်ဘနွန်နဲ့ မသက်ဆိုင်တဲ့ စစ်ပွဲထဲကို လက်ဘနွန်ကို ဆွဲမသွင်းဖို့ မက်ခွန်းက သူ့ရဲ့ X လူမှုကွန်ရက်မှာ ပို့စ်တင်ထားပါတယ်။
ပြင်သစ်ဟာ အစ္စရေးအစိုးရကို လက်ဘနွန်မြေပြင်ထဲ ကျူးကျော်ဝင်ရောက်တာမျိုး မလုပ်ဖို့၊ ဆိပ်ကမ်းတွေ၊ လေဆိပ်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်မထားဖို့ တောင်းဆိုထားပြီး ဟစ်ဇ်ဘိုလာ အဖွဲ့အနေနဲ့လည်း အစ္စရေးဘက်ကို ပစ်ခတ်နေတာတွေ ချက်ချင်းရပ်ရမယ်လို့ မက်ခွန်းက ဆိုပါတယ်။
ဘေရွတ်မြို့မှာ ပြင်သစ်စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံပြီးနောက်မှာ လက်ဘနွန်သမ္မတ ဂျိုးဇက်ဖ်အွန်က အစ္စရေးစစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ လက်ဘနွန်တောင်ပိုင်းက မြို့စွန်ရပ်ကွက်တွေ တိုက်ခိုက် မခံရအောင် ကြားဝင်ကူညီပေးဖို့ ပြင်သစ်သမ္မတ မက်ခွန်းကို မေတ္တာရပ်ခံထားပါတယ်။
ပြင်သစ်နိုင်ငံက ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာတာကို ကာကွယ်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခတွေကြားမှာ သူ့ရဲ့ ကိုယ်ပိုင် ရပ်တည်ချက်တွေကို ကာကွယ်ဖို့ ခြေလှမ်းတွေ လှမ်းထားတယ်လို့ ပြောပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်းနိုဝယ်လ်ဘာရိုကလည်း အစ္စရေးအာဏာပိုင်တွေကို လက်ဘနွန် နယ်မြေထဲ မြေပြင်စစ်ဆင်ရေး မလုပ်ဖို့၊ ဆိပ်ကမ်းနဲ့ လေဆိပ်လို အခြေခံအဆောက်အအုံတွေကို မတိုက်ခိုက်ဖို့၊ ပြည်သူတွေကို မထိခိုက်စေဖို့ တိုက်တွန်းထားပါတယ်။
အခုအချိန်အထိ ပြင်သစ်နိုင်ငံသား ၇၅၀ လောက်ကို ဘေးကင်းရာ ပြန်ခေါ်နိုင်ခဲ့ပြီး ၅,၀၀၀ လောက် ကတော့ နေရပ်ပြန်ဖို့ စာရင်းပေးထားကြတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ကြာသပတေးနေ့က ယူအေအီးမှာ ပြင်သစ်နိုင်ငံသားတွေကို သွားခေါ်တဲ့ လေယာဉ် တစင်း ဟာ လမ်းမှာ ဒုံးကျည်တွေ ပစ်ခတ်နေတဲ့အတွက် လမ်းခုလတ်ကနေ ပြန်လှည့်လာခဲ့ရတယ်လို့ ပြင်သစ်ပို့ဆောင်ရေးဝန်ကြီး ဖိလစ် တာဘာရိုးက လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ပါဝင်နေတဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက် လာတာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ နိုင်ငံ အများအပြားက အလျင်အမြန် စီစဉ်နေကြပါတယ်။
Source:Reuters


