Home
နိုင်ငံတကာ
ထိုင်းအကျဉ်းထောင်တွင်း တရုတ် VIP ခန်းအတွက် တလလျှင် ဘတ် ၂၀၀,၀၀၀ ပေးရ
DVB
·
March 7, 2026
Photo: Department of Corrections Thailand

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး လဝကထိန်းသိမ်းရေးစခန်းမှာ တရုတ်နိုင်ငံသား အကျဉ်းသားတွေအတွက် ဘတ် ၂ သိန်းတန် VIP အခန်းတွေ ရှိနေတဲ့အကြောင်း Khaosod သတင်းမှာ မတ် ၅ ရက်ကဖော်ပြပါတယ်။

ဒါဟာ ရဲချုပ် ဗိုလ်ချုပ်ကြီး ကစ်တီရတ်ဖန်ဖတ်ဆီ လိပ်မူပြီးတော့ ရာဇဝတ်မှု သားကောင်များ ကူညီစောင့်ရှောက်ရေးကလပ် ဥက္ကဋ္ဌ မစ္စတာ အတ်ချာရီယာ ရွမ်းရတနာဖွန်က ဆွမ်းဖလူ လူဝင်မှုကြီးကြပ်ရေးရုံး လဝကထိန်းသိမ်းရေးစခန်းတွင်း တာဝန်ကျ လဝကအရာရှိတွေရဲ့ စည်းကမ်း မဲ့လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားကာ အထောက်အထားတွေ တင်သွင်းခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာပါ။

သူက အဆိုပါ တာဝန်ကျ လဝကအရာရှိတွေဟာ တရုတ်နိုင်ငံသား အကျဉ်းသားတွေဆီက လစဉ် လာဘ်ငွေတွေ တောင်းခံနေကြောင်း သတင်းရရှိထားကြောင်း ပြောထားသလို တင်သွင်းတဲ့ အထောက်အထားတွေထဲ ဆွမ်ဖလူးစခန်းမှာ အရင်က ထိန်းသိမ်းခံခဲ့ရဖူးတဲ့ တရုတ်နိုင်ငံသားဟောင်း တယောက်ဆီက ရရှိထားတဲ့ ဗီဒီယိုကလစ်တွေ၊ အသံဖိုင်တွေပါဝင်ပြီး ထိန်းသိမ်းရေးစခန်းအတွင်း စနစ်တကျ ငွေကြေးကောက်ခံတဲ့ လုပ်ရပ်တွေကိုပါ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မစ္စတာ အတ်ချာရီယာက ဆွမ်ဖလူးထိန်းသိမ်းရေးစခန်းကို ကြီးကြပ်နေတဲ့ အဆင့်ဆင့် သော အရာရှိတွေအားလုံး၊ အထူးသဖြင့် ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ တရုတ်အကျဉ်းသားတွေဆီက ငွေညှစ်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေကြောင်း အဆိုပါ အကျဉ်းသားဟောင်းဆီကနေ သိရှိ ထားတယ်လို့ ဆိုပါတယ်။

အဓိကလုပ်ဆောင်ချက်တခုကတော့ VIP ထိန်းသိမ်းရေးအခန်းတွေ လုပ်ထားတာဖြစ်ပြီး သက်သောင့် သက်သာရှိလိုတဲ့ အကျဉ်းသားတွေဟာ အထူးအခွင့်အရေးတွေအတွက် တယောက်ကို တလ ဘတ် ၂ သိန်းလောက် ပေးရတယ်လို့ ဆို ပါတယ်။  

အဲဒီထဲမှာ အပြင်ကို ဖုန်းဆက်သွယ်ခွင့်အတွက် တကြိမ်ကို ဘတ် ၁,၀၀၀ ကနေ ၂,၀၀၀ အထိနဲ့ အပြင်က အစားအသောက်၊ အဖျော်ယမကာတွေ ပို့ဆောင်ခအတွက် တကြိမ်ကို ဘတ် ၅,၀၀၀ လောက် ပေးရတယ်လို့ ပြောထားတာပါ။

ဒါ့အပြင် "အခန်းခေါင်းဆောင်" အဖြစ် ခန့်အပ်ခံထားရတဲ့ တရုတ်အကျဉ်းသားတယောက်က တခြားအကျဉ်းသားတွေဆီက ငွေတွေကောက်ခံပြီး လဝကရဲအရာရှိတွေဆီ ပေးအပ်ရတယ်လို့ လည်း ဆိုပါတယ်။

ရရှိထားတဲ့ အချက်အလက်တွေအရ လစဉ် ပျမ်းမျှ ဘတ် ၁၀ သန်း၊ ဒါမှမဟုတ် တနှစ်ကို ဘတ် သန်း ၁၀၀ ကျော်အထိ ကောက်ခံနေပြီး ဒီလုပ်ရပ်တွေလုပ်ဆောင်နေခဲ့တာ အနည်းဆုံး ၅ နှစ်လောက် ကြာမြင့်နေပြီလို့လည်း ဆိုပါတယ်။

လက်ရှိရရှိထားတဲ့ အထောက်အထားတွေ၊ ထွက်ဆိုချက်တွေအရ လူဝင်မှုကြီးကြပ်ရေးဗျူရို အတွင်းက အကြီးတန်းအရာရှိတွေဟာ ဒီလုပ်ရပ်တွေထဲမှာ ပါဝင်ပတ်သက်နေတာ၊ ဒါမှမဟုတ် အနည်းဆုံး သိရှိနေပြီးတာမျိုး ဖြစ်နိုင်ကြောင်းလည်း အတ်ချာရီယာက ပြောထားပါတယ်။

Source: Khaosod 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013