Home
မြန်မာသတင်း
ထိုင်းအကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်သော မြန်မာများ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရ 
DVB
·
September 27, 2024
photo Crd-tigernews.

ထိုင်းတောင်ပိုင်း၊ ရနောင်းအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးလိုက်တဲ့ မြန်မာအလုပ်သမားတွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ပြန်ခေါ်သွားတယ်လို့ ရွှေ့ပြောင်း လုပ်သားကူညီပေးရေးအဖွဲ့က ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်မနက်ပိုင်းက ရနောင်းခရိုင်တာဝန်ရှိသူတွေနဲ့ မြန်မာသံရုံး အလုပ်သမားသံအရာရှိတို့ဟာ လွတ်ရက်စေ့ မြန်မာလုပ်သား အမျိုးသားရော အမျိုးသမီးပါ စုစုပေါင်း ၁၂၇ ဦးကို ပြန်ပို့ပေးခဲ့တယ်။ ကော့သောင်းအာဏာပိုင်တွေက ခါတိုင်းလို ကိုဗစ်-၁၉ စစ်ဆေးပြီး နေရပ်ကို ပြန်မပို့ပေးတော့ဘဲ စစ်တပ်ထဲကို တန်းပြီးခေါ်ဆောင်သွားတယ်လို့ ရ​နောင်းအ​ခြေစိုက် မိဿသဟာယ နာရေးကူညီမှုအသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော်က DVB ကို ပြောပါတယ်။

“မနက် ၉ နာရီကျော် ပြန်ပို့ပေးလိုက်တာကို ညပိုင်းကျတော့ ၂၆၂ စစ်တပ်က အကုန် ခေါ်သွားတယ်၊ တယောက်မှမချန်ဘူး။ ခါတိုင်းဆို အသက်ကြီးတဲ့သူနဲ့ အမျိုးသမီးတွေကို မခေါ်ဘူး၊ နေရပ်ပြန်ရောက်အောင် စီစဉ်ပေးတယ်။ အခုက အကုန်လုံးခေါ်သွားတာ၊   စစ်သားစု ဆောင်းဖို့လို့ သိရတယ်။”

ထိုင်းတောင်ပိုင်း ခရိုင်အသီးသီးမှာ ပြစ်ဒဏ်ခံယူပြီး လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသားတွေကို ရနောင်းကနေတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်ကနေ ပြန်ပို့နေတာပါ။ 

စစ်ကောင်စီဘက်က ပြည်သူများစစ်မှုထမ်းဥပဒေ ကြေညာပြီးတဲ့နောက်ပိုင်း ရနောင်း လဝက အကျဉ်းထောင်ကနေ နေရပ်ပြန်ဖို့ စောင့်နေတဲ့သူတွေကို အရင်လိုကြာကြာမထားဘဲ ပြန်ပို့နေ တယ်၊ ဒီစက်တင်ဘာလအတွင်းမှာတင် ၃ ကြိမ်ပြန်ပို့ခဲ့ပြီလို့ ကိုသားကျော်က ဆက်ပြောပါတယ်။ 

“အရင်ကဆို တော်တော်နဲ့ ပြန်မခေါ်ဘူး၊ ထိုင်းကပို့ဖို့ အဆင်သင့်ပေမဲ့ မြန်မာဘက်က လက်မခံတော့ လဝကအကျဉ်းထောင်မှာ လနဲ့ချီ လူတွေစုပြုံနေလို့ ဆန္ဒပြတာတွေတောင် ရှိ ခဲ့တယ်။ အခုက မြန်မာဘက်က တာဝန်ရှိသူတွေ ရနောင်းလဝကကို မကြာခဏလာကြည့်တယ်၊ ပြီးရင် ပြန်ပို့တာဘဲ။ ပြန်ပို့ခံရသူတွေဟာ စစ်သားစုဆောင်းရေးဘက်ကို ရောက်သွားတယ်လို့ သတင်းကြားတာကြောင့် မပြန်ချင်တော့ဘူး။ ပြန်မပို့ရဖို့ ဆန္ဒပြတာတွေတောင် ဖြစ်လာနိုင်တယ်၊ အရင်အခြေအနေနဲ့ ပြောင်းပြန်ဖြစ်သွားတာပေါ့။”

ထိုင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ ခိုးဆိုးလုဝှက်စတဲ့ ရာဇဝတ်မှုတွေကြောင့်မဟုတ်ဘဲ နေထိုင်ခွင့်စာရွက်စာတမ်း အထောက်အထားမပြည့်စုံတာ၊ အလုပ်သမားဥပဒေနဲ့ မညီညွတ်တာ  တွေ ဖြစ်တယ်လို့ ဆိုပါတယ်။  

လူငယ်လူရွယ်တွေဟာ မြန်မာပြည်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ထဲ မဝင်ချင်လို့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာရတယ်၊ တရားမဝင် ဝင်ရောက်လာတော့ အဖမ်းခံရ၊ ပြစ်ဒဏ်ကျခံရပြီး နေရပ်ပြန်ပို့ခံရပြီးတာနဲ့ စစ်တပ်လက်ထဲ ပြန်ရောက်သွားရတာဟာ အလွန်ဆိုးရွားတဲ့ဘဝတွေပါလို့ အလုပ်သမားကူညီရေးအဖွဲ့က ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013