
ထိုင်းနိုင်ငံ ဘန်ကောက်အကျဉ်းထောင်အတွင်း တရုတ်အကျဉ်းသားတွေအတွက် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုပေးဖို့ တရုတ်မော်ဒယ်တွေ ခေါ်သွင်းခဲ့တဲ့ အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ထိုင်းတရားရေးဝန်ကြီးဌာန ပြောဆိုချက်ကို ကိုးကားပြီး Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ဘန်ကောက်အကျဉ်းထောင်ကို ဝင်ရောက်စီးနင်းရာမှာ အကျဉ်းသား ၉၀၀ ကျော်ရှိတဲ့ ဇုန် ၈ ထဲက လေအေးပေးစက် တပ်ဆင်ထားတဲ့ မြေအောက် လျှို့ဝှက်အခန်းတခုအတွင်းမှာ တရုတ်အကျဉ်းသား ၂ ယောက်နဲ့အတူ တရုတ်အမျိုးသမီး မော်ဒယ် ၂ ယောက်ကို တွေ့ရှိခဲ့ကြတာပါ။
ထိုင်းတရားရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရတ်သာဖွန် နော်ဝါရတ်က တရုတ်အကျဉ်းသားအုပ်စုတစု ပါဝင်ပတ်သက်နေတဲ့ မလျော်ကန်တဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ တိုင်ကြားစာတွေ လက်ခံရရှိပြီးနောက်မှာ အထူးစစ်ရေးရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းကာ အကျဉ်းထောင်အတွင်း ၅ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ အကျဉ်းထောင်အခန်းတွေအတွင်းမှာ ကွန်ဒုံးဘူးတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ခရီးဆောင်လေအေးပေးစက်တွေနဲ့ မီးခြစ်အမြောက်အမြား အပါအဝင် တရားမဝင်ပစ္စည်းတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထိုင်းတရားရေးဝန်ကြီးက ဒီဖြစ်ရပ်ဟာ သူ့ရဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ အကျဉ်းသားတွေက အကျဉ်းထောင်အတွင်းမှာ ဒီလောက်အထိ သြဇာလွှမ်းမိုးမှုရှိတာကို တခါမှ မမြင်ဖူးဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ဒါကို လုံးဝ လက်ခံနိုင်စရာမရှိပါဘူး။ (ထိုင်းနိုင်ငံရဲ့) တရားစီရင်ရေးစနစ်တခုလုံးကို ထိခိုက်စေပါတယ်။ ဒါဟာ အလွန်အရှက်ရစရာ ကောင်းပါတယ်။”
လတ်တလောမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထောင်ပိုင်ကြီး မာနော့ပ်ချွမ်ချွန်နဲ့ တခြား အရာရှိ ၁၄ ယောက်ကို တာဝန်ကနေ ရွှေ့ပြောင်းထားသလို သတင်းရင်းမြစ်တခုရဲ့ အဆိုအရ မာနော့ပ်ဟာ သူ့ရဲ့ ရာထူးသက်တမ်းအတွင်း အထူးသဖြင့် မကာအိုကို မကြာခဏ ပြည်ပ အလည်အပတ် ခရီးသွားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းတွေကို စစ်ဆေးတွေ့ရှိ ထားတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်တွင်းမှာတော့ တရုတ်နိုင်ငံသား ၂၀၀ လောက် အကျဉ်းကျခံနေရတယ်လို့ ထိုင်းတရားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ဒီအရှုပ်တော်ပုံကို စီစဉ်ခဲ့တယ်လို့ သံသယရှိတဲ့ တရုတ်အကျဉ်းသား ၂ ယောက်ကိုလည်း တခြားအကျဉ်းထောင်တခုဆီ ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ ဖျက်ဆီးခံထားရတဲ့ CCTV မှတ်တမ်းတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေပြီး အကျဉ်းသားတွေဟာ သွားလာခွင့်မရှိတဲ့ နေရာတွေမှာ လျှောက်သွားနေတဲ့ ပုံရိပ်တချို့ကို ပြန်လည်ရရှိထားပြီဖြစ်ကာ အဆိုပါ တရုတ်မော်ဒယ် အမျိုးသမီး ၂ ယောက်ဟာ ထောင်ဝန်ထမ်းတွေရဲ့ လိုက်ပါပို့ဆောင်မှုနဲ့ ပုံမှန်ဝင်ပေါက်တွေကတဆင့် ဝင်ရောက်ခဲ့သလို ဧည့်သည်လမ်းကြောင်းတွေကို အသုံးမပြုခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတရားရေးဝန်ကြီးက အကျဉ်းထောင်ရဲ့ ရှေ့ဂိတ်နဲ့ မြေအောက်ခန်းကြား တာဝန်ကျတဲ့ ရဲအရာရှိ ၇ ယောက်ကို စစ်ဆေးနေကြောင်းလည်း ပြောကြားထားပြီး ဝန်ကြီးဌာနအနေနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနနဲ့ ထိုင်းနိုင်ငံရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတွေကိုလည်း စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ကူညီဖို့ တာဝန်ပေးအပ်ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းအာဏာပိုင်တွေက ဒီဖြစ်ရပ်အတွင်း တရုတ်အကျဉ်းသားတွေ အသုံးပြုခဲ့တယ် ဆိုတဲ့ မြေအောက်ခန်းအထက်က ပြုပြင်ပြောင်းလဲထားတဲ့ အစောင့်ခန်းတခုကိုလည်း စစ်ဆေးခဲ့ကြပြီး နိုဝင်ဘာ ၂၂ ရက်က ထိုင်းတရားရေးဝန်ကြီးကိုယ်တိုင် စစ်ဆေးခဲ့ပါတယ်။
အလားတူ အလွဲသုံးစားမှုတွေကို ကာကွယ်ဖို့အတွက် တနိုင်ငံလုံး အကျဉ်းထောင် အားလုံးမှာ “VIP အကျဉ်းသားတွေ” လို့ ခေါ်ဆိုသူတွေကို စောင့်ကြည့်ဖို့လည်း အမိန့်ပေးထားပါတယ်။
Source: Khaosod English


