Home
မြန်မာသတင်း
မြောင်းမြ ဘုရားဆင်းတုတော်တွေ့သည့် ရေအိုင် ခန်းသွားသဖြင့် မြေသားများပါ ခပ်ယူနေ
DVB
·
March 6, 2026
Photo: KL

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်မှာ ဘုရားဆင်းတုတော် တွေ့ရှိလို့ တူးဖော်ထားတဲ့ လယ်ကွက်ထဲက ရေကို ရောဂါပျောက်ကင်းတယ်ဆိုကာ ယုံကြည်ချက်နဲ့ ခပ်ယူသူများပြီး ရေခန်းသွားတာကြောင့် မြေသားအပျော့တွေကိုပါ ယူနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာမှာ လယ်ကန်းသင်းပေါက်ရာကတဆင့် ရှေးဟောင်းဘုရားဆင်းတုတော်တဆူ တူးဖော်ရရှိခဲ့တာပါ။

ဆင်းတုတော်တူးဖော်ယူခဲ့ပြီး အိုင်ဖြစ်သွားတဲ့ အထဲကရေကို ရောဂါပျောက်ကင်းတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ခပ်ယူသောက်သုံးနေတာကြောင့် ရေခန်းတဲ့အထိ ဖြစ်သွားတာလို့ ကျွန်းဒိတ်ကျေးရွာ နေသူတယောက်က ပြောပါတယ်။

“ဘုရားဆင်းတုတော်ကို တူးဖော်ခဲ့တဲ့နေရာက အိုင်ဖြစ်သွားတယ်။ အိုင်ထဲကရေတွေက ကင်ဆာ အပါအဝင် ရောဂါပျောက်တယ်ဆိုပြီး လုယက်ခပ်ယူကြတာ။ ရေတွေက ကုန်သွားပြီ။ မြေသားပဲ ရှိတော့တာ။ အခု လူတွေက မြေသားအပျော့တွေပါ ယူနေကြတယ်။”

လယ်ကွင်းထဲက တွေ့ရှိတူးဖော်ခဲ့တဲ့ ဆင်းတုတော်ဟာ ဉာဏ်တော် ၉၀ ဒသမ ၅ စင်တီမီတာရှိပြီး ထုံးကျောက်နဲ့ ပြုလုပ်ထားကာ လက်ရှိ ဒေသခံတွေရဲ့ ဆန္ဒအတိုင်း ကျွန်းထိပ်ကျေးရွာမှာပဲ အပူဇော်ခံထားရှိတာကြောင့် ဘုရားဖူးမြော်သူတွေ မပြတ်စည်ကားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရပ်မိရပ်ဖတယောက်က “ဘုရားဖူးတဲ့သူတွေ မပြတ်ဘူး။ အခု ဆင်းတုတော်ကို လာဖူးတဲ့သူတွေ အတော်များနေတယ်။ ဆင်းတုတော်ကို စံကျောင်းနဲ့ထားထားတယ်။ ဘုရားဖူးတွေလာတော့ စက်လှေသမားတွေအပြင် ဈေးရောင်းဈေးဝယ်သမားတွေနဲ့ စည်ကားနေတယ်” လို့ ပြောပါတယ်။

အဲဒီ ဆင်းတုတော်ကို တူးဖော်ရရှိခဲ့တဲ့ နေရာကနေ အိုင်ဖြစ်သွားလို့ ထွက်လာတဲ့ရေတွေကို ရေစင်တော်လို့ မှတ်ယူကာ ခပ်ယူနေကြတဲ့သူတွေအနေနဲ့ မသောက်သုံးကြဖို့ ဘုရားဆင်းတုတော် အပူဇော်ခံထားရှိတဲ့ နေရာအနီးမှာ စာကပ် အသိပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးပညာရှင်တွေကလည်း အဆိုပါရေကို ခပ်ယူနေကြတဲ့ ပြည်သူတွေအနေနဲ့ လယ်ကွက်ထဲကရေ ဖြစ်တာကြောင့် ဓာတုဆေးဝါးတွေ၊ ဓာတ်မတည့်တာတွေ ရှိနေနိုင်တာကြောင့် မသောက်သုံးကြဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်ကလည်း ဆင်းတုတော်ကို ဧရာဝတီတိုင်း ရှေးဟောင်းသုတေသန ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆင်းတုတော်ရဲ့ နားရွက်တော် အပါအဝင် တချို့ပျက်စီးနေတာကြောင့် ပြုပြင်တာတွေ လုပ်မယ်ဆိုပါက ဦးစီးဌာနကို အသိပေးရမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013