
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဘုရားဆင်းတုပေါ်တဲ့ လယ်ကွက်ထဲက ရေတွေကို သောက်တာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ထောက်ပြကြပါတယ်။
မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာမှာ လယ်ကန်သင်းပေါက်ရာကနေ ဘုရားဆင်းတုတော်တဆူ ပေါ်ထွက်လာပြီး အဲဒီဘုရားတွေ့ရှိရာနေရာ လယ်ကွင်းထဲက ရေတွေက ၉၆ ပါးရောဂါ ပျောက်ကင်းတယ်ဆိုပြီး အမြို့မြို့အနယ်နယ်ကသူတွေက လာရောက်သောက်သုံးကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လယ်ကန်သင်းတူးရင်း ဘုရားကိုတွေ့ရှိခဲ့တဲ့သူက သူ့ရဲ့ ကျောက်ကပ်ရောဂါ ပျောက်သွားတယ်လို့ ပြောဆိုခဲ့ပြီး နောက်ပိုင်း အဲဒီဘုရားတွေ့တဲ့ လယ်ကွက်က ရေကို လူတွေ လာရောက် သောက်သုံးကြတာပါ။
အဲဒီရေတွေဟာ လယ်ကွင်းထဲက ရွှံ့ရေတွေဖြစ်သလို ပိုးသတ်ဆေးတွေ ပါနိုင်တဲ့အတွက် ဝမ်းလျှောတာနဲ့ ကျန်းမာရေးပြဿနာ ကြီးကြီးမားမားဖြစ်နိုင်လို့ မသောက်သုံးကြဖို့ ဆရာဝန်တွေက ထောက်ပြကြပါတယ်။
အထွေထွေရောဂါကု ဆရာဝန်တယောက်က “ဒီရေတွေက လုံးဝမသန့်ဘူးပေါ့နော်၊ ပိုးမွှားပေါင်းမျိုးစုံ ပါနေတဲ့အတွက် အဲ့ပိုးမွှားတွေက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါကျရင် ရောဂါပေါင်းမျိုးစုံ ဖြစ်လိမ့်မယ်။ အစောဆုံးသိသာမဲ့ ကိစ္စကတော့ အော့အန်တာတွေ၊ ဝမ်းလျှောတာတွေ မကောင်းဘူးပေါ့နော်၊ ခန္ဓာကိုယ်တခုလုံးမှာ ရောဂါပိုးကူးစက်တဲ့ဒဏ်တွေ ခံရမယ်။ လယ်ကွက်ဖြစ်တဲ့အတွက်ကြောင့် ဒီထဲမှာ ဓာတုဗေဒပိုးသတ်ဆေးတွေ ကြွင်းကျန်နေတာမျိုး ရှိနိုင်တယ်။ အကောင်ပလောင်တွေရဲ့ အညစ်အကြေးတွေ ရှိနိုင်တယ်။ ဒီလိုဟာမျိုးတွေကို စားမိ သောက်မိတဲ့အခါကျရင် ဓာတ်မတည့်တာတွေက စလို့ အဆိပ်သင့်တဲ့အထိ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အဲဒီ ပေါ်တော်မူဘုရားကို ဖူးဖို့နဲ့ ဘုရားတွေ့တဲ့ လယ်ကွင်းထဲကရေကို သောက်ဖို့ ကျွန်းဒိတ်ကျေးရွာကို နေ့စဉ် လူပေါင်းထောင်နဲ့ချီ ရောက်လာနေကြတယ်လို့ သိရပါတယ်။
အဲဒီလို လာရောက်နေကြတဲ့အတွက် စက်လှေသမားတွေလည်း အလုပ်ဖြစ်လို့ စီးပွားရေး အဆင်ပြေနေကြတယ်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်အရ သိရပါတယ်။
လက်ရှိမှာတော့ လယ်ထဲကတွေ့ခဲ့တဲ့ ပေါ်တော်မူဘုရားကို စံကျောင်းဆောင်နဲ့ထားပြီး နေ့စဉ် စတုဒိသာ ကျွေးမွေးနေပါတယ်။
မြောင်းမြမြို့ ဒေသခံတယောက်က “ဘုရားစပေါ်တဲ့ နေ့တည်းကဆို ဘုရားဖူးတွေက မပျက်ဘူး၊ လာရောက်ဖူးမြော်တဲ့သူက တော်တော်များတယ်။ ဘုရားတူးဖော်ထားတဲ့နေရာက အိုင်ကြီးဖြစ်သွားတာလေ။ အဲ့အိုင်ထဲကရေတွေကို ရောဂါကင်းတယ် ဆိုပြီးတော့ ရေစင်အဖြစ် သောက်ဖို့လည်း ယူတယ်၊ လိမ်းဖို့လည်း ခပ်ယူတယ်၊ အလှူခံနေတာတွေလည်း ရှိပါတယ်။ သတ်မှတ်ထားတာတော့ မရှိပါဘူး၊ ကိုယ်သဒ္ဒါသလောက် ထည့်လို့ရတယ်။ ဘုရားကို ကျောင်းဆောင်ဆောက်ပြီး ပူဇော်ထားတာ တွေ့ရပါတယ်။ ရဲတွေတော့ လာကြည့်သွားတယ်၊ ဘာမှတော့ ပြောမသွားဘူး” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ်လောက်ကလည်း ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြခတ်ကျေးရွာဘက်မှာ လယ်ကွင်းထဲက ဘုရားဆင်းတုတော် အများအပြား ထွက်ပေါ်ခဲ့လို့ ဖူးမြော်သူတွေ အလွန်များပြားခဲ့ဖူးပါသေးတယ်။


