
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ သဇင်ကုန်းကြီးကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာက စပါးအရောင်းအဝယ်လုပ်တဲ့သူရဲ့ နေအိမ်မှာ အနုကြမ်းစီး လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်က ကျွဲခြံကျေးရွာက စပါးရောင်းဝယ်ရေး လုပ်ငန်းလုပ်တဲ့ ဦးတင်ထွန်းရဲ့ နေအိမ်ကို မျက်နှာ အဝတ်စတွေနဲ့ အုပ်ထားတဲ့ အမည်မသိ အမျိုးသား ၅ ယောက်က တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ဝင်ရောက်လုယက်ခဲ့တာပါ။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “လမ်းပေါ်မှာ တယောက်စောင့်နေတာ။ ၄ ယောက်လောက်က တုတ်တွေ၊ ဓားတွေ ကိုင်ပြီး အိမ်ထဲကို ဝင်လုယက်တာ။ အားလုံး အမျိုးသားတွေချည်းပဲ။ အခုလုယက်ခံရတဲ့အိမ်က စပါးဝယ်ရောင်းလည်း လုပ်သလို တောင်သူလည်း ဟုတ်တယ်။ အသက်တော့ အန္တရာယ်မလုပ်သွားလို့ တော်သေးတာ” လို့ ပြောပါတယ်။
အဲဒီ အနုကြမ်းစီးလုယက်မှုကြောင့် လက်ကိုင်ဖုန်း ၄ လုံး၊ ဆိုင်ကယ်တစီးနဲ့ ရွှေနားကပ်တရံ လုယက်သူတွေဆီ ပါသွားခဲ့ပြီး နေအိမ်တွင်း မွှေနှောက်ရှာဖွေသွားပေမဲ့ ငွေတွေပါသွားတာမရှိဘူးလို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဖြစ်တဲ့အချိန်က မနက်စောစောဆိုတော့ ဘယ်သူ ဘယ်ဝါ ဆိုတာ ကောင်းကောင်းမမြင်တဲ့အချိန်လေ။ အိမ်ရှင်မိသားစုဝင်တွေထဲက ၂ ယောက် ရိုက်နှက်ခံရပြီး ဒဏ်ရာရတယ်။ မစိုးရိမ်ရတဲ့ဒဏ်ရာပါ” လို့ ပြောပါတယ်။
အဲဒီ အနုကြမ်းစီး လုယက်သူတွေဟာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းအရွယ်တွေဖြစ်ပြီး အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ကနဦး စစ်ဆေးကာ လုယက်သူတွေကို စက်တင်ဘာ ၄ ရက် ညနေပိုင်းအထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
မြောင်းမြမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ဖြစ်စဉ် ၁၁ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူတွေက ရဲစခန်းတွေမှာ တိုင်ကြားထားပေမဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးပါဘူး။


