
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်မှာ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲတာတွေ လုပ်နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က မတ် ၁ ရက်က စတင်ပြီး လမ်းဆုံ လမ်းခွတွေနဲ့ ပွဲလမ်းသဘင်ရှိတဲ့ နေရာတွေမှာ ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲတာတွေ ရှိသလို လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ သတင်းပေးတဲ့လူတချို့ကို မွေးထားပြီး ဝင်ရောက် ပေါ်တာဆွဲတာတွေ လုပ်နေတာလို့ ဆိုပါတယ်။
ဒေသခံလူငယ်တယောက်က “စစ်သားစုဆောင်းဖို့အတွက် လုပ်နေတာလို့ သိရတယ်။ အပြင်ထွက် အလုပ်တောင် သွားမလုပ်ရဲသလောက် ဖြစ်နေတာ။ အမျိုးသားစစ်မှုထမ်းအရွယ်တွေဆို ပေါ်တာဆွဲတာ။ လမ်းဆုံ လမ်းခွတွေမှာ ပြောက်ကျားဝတ်စုံတွေနဲ့ ကင်းပုန်းဝပ်နေကြတာ တွေ့တယ်။ ဘာထူးခြားလို့လဲ စုံစမ်းကြည့်တော့ သိရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မတ် ၁ ရက်ကနေ ၃ ရက်အထိ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တချို့ အပါအဝင် အမျိုးသား ၁၁ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အဖမ်းခံရသူတွေထဲက စီးပွားရေး အဆင်ပြေပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အဆင်ပြေတဲ့ လူငယ်တယောက်ကို မတ် ၄ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက် ဒေသခံ အမျိုးသမီးတယောက်က “အဖမ်းခံရသူတွေထဲက တယောက်ကတော့ အခုမနက် ပြန်လွတ်လာတယ်။ ဘယ်လိုပုံစံနဲ့ လွတ်လာလဲတော့ မသိဘူး။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲတာတွေ လုပ်နေတာ။ စစ်မှုမထမ်းရဖို့ ရှောင်သူတွေများလာတော့ အခုလိုလုပ်လာတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အရပ်သား အမျိုးသားတွေကို ပေါ်တာဆွဲတာတွေ လုပ်လာတာကြောင့် မြောင်းမြမြို့နယ်မှာ အရပ်သားတွေက လူမှုကွန်ရက်ပေါ်ကနေ ညနေ ၅ နာရီကျော်ရင် အပြင်မထွက်ကြဖို့ သတိပေးမှုတွေ ရှိနေသလို အချင်းချင်း ပြောဆို သတိပေးတာတွေပါ လုပ်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် တပ်သားသစ်အရေအတွက် မပြည့်မီသေးတာကြောင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေလည်း ပိုမိုလုပ်ဆောင်နေတယ်လို့ Non-CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေကို ခံနေရတဲ့ စစ်ကောင်စီဟာ တိုက်ပွဲတွေ ထပ်မံနယ်ကျော်လာမှာကို ထိတ်လန့်ကြောက်ရွံ့ကာ ဧရာဝတီတိုင်းထဲက မြို့အဝင်အထွက်တွေမှာ လုံခြုံရေးတင်းကျပ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။