
ပြည်တွင်း အခေါက်ရွှေ တကျပ်သားဈေးဟာ ပြီးခဲ့တဲ့ မတ် ၂ ရက်က ကျပ် ၁၁၃ သိန်းအထိ မြင့်တက်ခဲ့ပေမဲ့ လက်ရှိမှာတော့ ကျပ် ၁၀၈ သိန်းခွဲ ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာပါတယ်။
ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာတဲ့ အကျိုးဆက်ကြောင့် ပြည်တွင်း အခေါက်ရွှေဈေးလည်း ရက်ပိုင်းအတွင်း ကျပ် ၄ သိန်းကျော် ပြန်ကျလာတာလို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရွှေဈေး ဆက်လက်မြင့်တက် နိုင်မယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပေမဲ့ လက်တွေ့မှာတော့ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၅,၃၀၀ ဝန်းကျင်အထိသာ တက်ခဲ့ပြီးနောက် ဒေါ်လာ ၅,၁၀၀ ဝန်းကျင်အထိ ပြန်လည် ကျဆင်း ခဲ့ပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် မတ် ၅ ရက် မွန်းလွဲပိုင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၅,၁၇၀ ဝန်းကျင်အထိ ပြန်လည် မြင့်တက်ခဲ့ပါတယ်။
နောက်ပိုင်း ညပိုင်းအချိန်မှာတော့ တအောင်စကို ဒေါ်လာ ၅,၁၀၀ ဝန်းကျင်အထိ ပြန်လည် ကျဆင်း သွားခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေမယ်ဆိုရင် ရွှေဈေးဟာ ဆက်လက်ပြီး အတက်အကျများနေနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထား ပါတယ်။


